ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ARSA အဖွဲ့၏ စည်းရုံးမှု၊ ခြိမ်းခြောက်မှုကြောင့်သာဖြစ်ဟု ငါးခူရကျေးရွာသား ဘင်္ဂါလီခေါင်းဆောင် ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ARSA အဖွဲ့၏ စည်းရုံးမှု၊ ခြိမ်းခြောက်မှုကြောင့်သာဖြစ်ဟု ငါးခူရကျေးရွာသား ဘင်္ဂါလီခေါင်းဆောင် ပြောကြား
Published 14 January 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသည့် ဘင်္ဂါလီများသည် ARSA အဖွဲ့၏ စည်းရုံးမှုနှင့် ခြိမ်းခြောက်မှုများကြောင့် ဖြစ်ကြောင်း ငါးခူရကျေးရွာသား ဘင်္ဂါလီခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဦးဆောင်သည့် သတင်းသမား ၂၉ ဦးသည် ဇန်နဝါရီ ၈ ရက်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါခူးရကျေးရွာသို့ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံသတင်းရယူစဉ် ငါးခူရကျေးရွာ ဘင်္ဂါလီရပ်မိရပ်ဖဖြစ်သူ ဘင်္ဂါလီခေါင်းဆောင် ဦးအီဆွတ် ခေါ် ဦးအောင်မြင့် က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ARSA အဖွဲ့အနေဖြင့် ဒေသခံ ဘင်္ဂါလီများကို မထွက်ပြေးပါက ထွက်ပြေးအောင် ကြံဖန်လုပ်ယူကြောင်း၊ အစိုးရအနေဖြင့် ဒုက္ခပေးခြင်းမျိုး မရှိကြောင်း၊ ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာရှိကြောင်း ငါးခူရကျေးရွာသား ဘင်္ဂါလီခေါင်းဆောင် ဦးအီဆွတ်ခေါ် ဦးအောင်မြင့် က ပြောကြားသည်။

“ထွက်ပြေးသွားတဲ့ သူတွေက သူတို့ ARSA အဖွဲ့ရဲ့ ခြိမ်းခြောက်မှု၊ များသောအားဖြင့် မထွက်ပြေးရင် ထွက်ပြေးအောင် သူတို့က ကြံဖန်ပြီး လုပ်ယူသွားတယ်။ ဒီမှာ နေခဲ့တဲ့သူတွေက သူတို့အာဘော်ကို သိတယ်။ ကိုယ့်နိုင်ငံကို ပယ်ပြီးတော့ တခြားနိုင်ငံကို မသွားချင်ကြဘူး။ ကျွန်တော်က ဒီနိုင်ငံသား ဒီနိုင်ငံမှာပဲ မွေးတယ်။ ဒီနိုင်ငံမှာပဲ သေမယ်။ ကျွန်တော့်ခံယူချက် ဒီလိုပါပဲ။ ကျွန်တော့်နည်းတူ ဒီမှာရှိတဲ့ သူတွေကလည်း ဒီလိုခံယူချက်နဲ့ နေခဲ့တာပါ။ အစိုးရအနေနဲ့ ကျွန်တော်တို့ကို လာပြီးတော့ ဒုက္ခပေးတာ မရှိဘူး။ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ဦးအီဆွတ်ခေါ် ဦးအောင်မြင့်သည် နိုင်ငံသားကတ် ရရှိထားသူတစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့် နိုင်ငံသားကတ် ရရှိရန် နှစ်နှစ်ခွဲခန့် စောင့်ဆိုင်းခဲ့ရကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူနှင့် သားသမီးများ နိုင်ငံသားကတ် လျှောက်ထားရာ သုံးနှစ်ကျော်ပြီ ဖြစ်သော်လည်း ယနေ့အထိ မရသေးကြောင်း သိရသည်။

ဦးအီဆွတ် အနေဖြင့် တိုင်းရင်းသားအခွင့်အရေးကို မလိုချင်ဘဲ နိုင်ငံသားအခွင့်အရေးကိုသာ လိုချင်ကြောင်း၊ နိုင်ငံအတွင်း စားရေးသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး အဆင်ပြေစေရန်သာ လိုလားကြောင်း ၎င်း၏အဆိုအရ သိရသည်။

တပ်မတော်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်မှုအပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု သို့မဟုတ် အဓမ္မအနိုင်ကျင့်မှု၊ အလွန်အကျွံ အင်အားသုံးနှိမ်နင်းမှုများ ရှိပါသလား ဟု Eleven သတင်းထောက်၏ မေးခွန်းအပေါ် ဦးအီဆွတ်က “နိုင်ငံတော်ကို ပုန်ကန်မယ် ဆိုရင်တော့ နိုင်ငံတော်က အကာအကွယ် ယူရမှာပေါ့။ ဒါလုပ်ရမှာပေါ့။ အကြမ်းဖက်သမားရဲ့ လုပ်ရပ်ကို ကျွန်တော်တို့ ရှုတ်ချတယ်။ မကောင်းဘူးလို့မြင်တယ်။ နိုင်ငံတော်က ကိုယ့်နိုင်ငံကို ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်။ လုပ်ရမယ်။ ဒါက နိုင်ငံတော်တာဝန်ပဲ။ အပြစ်ရှိတဲ့လူကို ဒါအရေးယူရမှာပေါ့။ အေးအေးဆေးဆေး နေတဲ့လူကိုကျတော့ အာဏာပိုင်အဖွဲ့အစည်းက ဘာမှမလုပ်ပါဘူး။ လက်ရှိအချိန်မှာတော့ အီးယူကလည်း ပေးတယ်။ WFP ကလည်း ပေးတယ်။ လူမှုအဖွဲ့အစည်းက လာပေးတာလည်း ရှိတယ်။ ကြက်ခြေနီကလည်း လာပေးတယ်။ စစ်တပ်ကလည်း လာပေးတယ်။ အတော်များများ ကူညီပါတယ်” ဟု ဆိုသည်။

ငါးခူရကျေးရွာမှ ရာခိုင်နှုန်း ၉၀ သော ဘင်္ဂါလီများ တစ်ဖက် ဘင်္ဂလားဒေရှ်နိုင်ငံသို့ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း သိရသည်။

ငါးခူရကျေးရွာသား ဘင်္ဂါလီတစ်ဦးဖြစ်သူ မိုဟာမက်ရှားက “သူတို့ မီးကိုမြင်ပြီး သွားတာ။ မီးကို ရှို့ပြီးသွားတာ ရှိတယ်။ အာဆာရဲ့ ခြိမ်းခြောက်တာလည်း ရှိတယ်။ သူတို့ နောက် လိုက်သွားတာတွေ ရှိတယ်။ ငါးခူရမှာဆိုရင် ရခိုင်ရှိတယ်။ ဟိန္ဒူရှိတယ်။ အစ္စလာမ်ဘာသာဝင် ရှိတယ်။ ကျွန်တော်တို့ ပေါင်းပြီးတော့ နေထိုင်ပါတယ်။ ကျွန်တော်တို့မှာ ပြဿနာကို မရှိပါဘူး။ ဒီကောင် ဟိန္ဒူ၊ ဒီကောင် မွတ်စလင်၊ ဒီကောင် ရခိုင် အဲဒီလို ခွဲလို့မရှိပါဘူး။ အတူတူပဲ နေကြပါတယ်။ လောလောဆယ် အခက်အခဲကတော့ စားဝတ်နေရေး အခက်အခဲ ရှိပါတယ်။ သွားလို့လာလို့ အခက်အခဲ ရှိပါတယ်။ ကလေးတို့ ဘာတို့ ပညာသင်ဖို့ အခုကျောင်းလည်း ဖွင့်ပေးပါတယ်။ အဲဒါ အခက်အခဲမရှိဘူး။ ဘာသာရေးလည်း အခက်အခဲမရှိဘူး။ ကိုယ့်ဗလီမှာကိုယ် ဗလီတက်လို့ ရပါတယ်”ဟု ပြောကြားသည်။

ငါးခူရကျေးရွာအုပ်စုသည် ဘင်္ဂါလီအများစု နေထိုင်သော ကျေးရွာကြီးဖြစ်ပြီး ဗလီ ၁၀ ခုခန့်နှင့် လူဦးရေ တစ်သောင်းကျော် ရှိကြောင်း သိရသည်။ အဆိုပါဒေသတွင် လယ်ယာလုပ်ငန်း၊ ပုစွန်လုပ်ငန်းများ လုပ်ကိုင်ကြပြီး လက်ရှိတွင် ပုစွန်ကန်များ ဆယ်မရခြင်း၊ လယ်ယာလုပ်ငန်း ပျက်စီးမှုများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလျက် ရှိသည်။

ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်နှိမ်နင်းသော မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် ၂၀၁၇ သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားသူ ဘင်္ဂါလီဦးရေ ခြောက်သိန်းကျော် ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြပြီး ထိုသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များအနက် ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများလည်း ပါဝင်နေကြောင်း benarnews ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းဗီဒီယိုတစ်ခုအရ သိရသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်အတွင်း ပြန်လည် ဝင်ရောက်လာသည့်အခါ ရေလမ်းဖြင့် ဝင်ရောက်လာသူများအတွက် ငါးခူရကျေးရွာတွင် လက်ခံရန် ရွေးချယ်ထားပြီး ကုန်းလမ်းမှ ပြန်လည် ဝင်ရောက်လာသူများအတွက် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲတွင် လက်ခံရန် စီစဉ်ထားကြောင်း သိရသည်။