မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တရားမဝင်သစ် ဖမ်းဆီးရမိမှု ယမန်နှစ်ထက် လျော့နည်းလာဟု သိရ

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တရားမဝင်သစ် ဖမ်းဆီးရမိမှု ယမန်နှစ်ထက် လျော့နည်းလာဟု သိရ
Published 11 January 2018

မန္တလေးတိုင်းဒေသကြီးအတွင်း၌ တရားမဝင်သစ်များ ဖမ်းဆီးရမိစဉ်

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာကုန်အထိ တရားမဝင်သစ် ဖမ်းဆီးရမိမှုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် တရားမဝင်သစ်များကို စီမံချက်များချမှတ်ပြီး ဖမ်းဆီးသည့်အတွက် တရားမဝင်ကျူးလွန်မှု လျော့နည်းကာ တန်ပမာဏလျော့ပြီး ဖမ်းဆီးရရှိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမူး ဦးမြင့်သိန်းက ပြောကြားသည်။

“သစ်တန်အားဖြင့် ကျွန်တော်တို့အခု ဘဏ္ဍာရေးနှစ် လျော့နည်းဖမ်းမိပါတယ်။ ဒါလည်း အကြောင်းရှိပါတယ်။ တရားမဝင်သစ် ဖမ်းဆီးခြင်းလုပ်ငန်းများကို ဖိဖိစီးစီး ဆောင်ရွက်လာပါတယ်။ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးကတော့ တရားမဝင်သစ် တစ်ဖက်နိုင်ငံကို ထွက်ရှိမှုအပိုင်းမှာ သစ်ထွက်တဲ့ဒေသ မဟုတ်ပေမယ့် ကျွန်တော်တို့ တိုင်းဒေသကြီးဖြတ်ပြီး တစ်ဖက်နိုင်ငံကို တရားမဝင်သစ်တွေ စီးဆင်းမှုတွေ ရှိပါတယ်။ အဲဒီအတွက် စီမံချက် ချမှတ်ပြီးတော့မှ ထိထိရောက်ရောက် ဖမ်းဆီးနေတာ ဖြစ်တဲ့အတွက်ကြောင့် ယခုနှစ်မှာ ယမန်နှစ်ထက်စာလို့ရှိရင် တရားမဝင်သစ် ကျူးလွန်မှု လျော့နည်းလာတဲ့အတွက်ကြောင့် တန်ပမာဏလျော့ပြီး ဖမ်းဆီးရမိခဲ့တယ်” ဟု ၎င်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးလက်အောက်ရှိ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနများ လစဉ်စီမံချက်ရေးဆွဲပြီး ဖမ်းဆီးမှုများရှိသလို တိုင်းဒေသကြီး အစုအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီး ဆောင်ရွက်မှုများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုများကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ယခုဘဏ္ဍာနှစ် ခရိုင်အလိုက် တရားမဝင် သစ်ဖမ်းဆီးရမှုမှာ မန္တလေးခရိုင် ၄၀၃ ဒသမ ၆၁၀၄ တန်၊ ပြင်ဦးလွင်ခရိုင် ၁၀၈၃ ဒသမ ၅၇၄၄ တန်၊ ကျောက်ဆည်ခရိုင် ၁၆၁ ဒသမ ၆၁၈၄ တန်၊ မိတ္ထီလာခရိုင် ၁၅၃ ဒသမ ၁၆၀၆ တန်၊ မြင်းခြံခရိုင် ၅၈ ဒသမ ၆၈၁၈ တန်၊ ရမည်းသင်းခရိုင် ၈၇ ဒသမ ၅၅၄၂ တန်၊ ညောင်ဦးခရိုင် ၂၆ ဒသမ ၂၇၉၂ တန်တို့ ရမိခဲ့ကြောင်း သစ်တောဌာန၏ စာရင်းများအရ သိရသည်။

“အရင်တုန်းကတော့ တရားမဝင်သစ်တွေ သွားတဲ့အချိန်က ကားကြီးတွေနဲ့ တန်ဆယ်ချီပြီးတော့မှ သွားခဲ့တာပေါ့။ ဒါပေမဲ့ အခုတော့ ဖမ်းဆီးမှုတွေ များလာတယ်။ များလာတဲ့အခါ သူတို့တွေက တစ်ပိုင်တစ်နိုင် ကားငယ်တွေ တစ်တန်တောင် မပြည့်ပါဘူး။ ကားကြီးဆို တန်ဝက်လောက်ပေါ့။ ဒီလိုမျိုးနဲ့ သွားနေကြတယ်။ ဒါလည်း ဘာကြောင့်လဲဆိုတော့ ဖမ်းဆီးမှုများလာတဲ့အခါ ဆုံးရှုံးမှုပမာဏ များလာတဲ့အတွက် အခုလို ကားငယ်တွေနဲ့ပဲ သွားနေတာဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ အဓိကတော့ ၁၆ မိုင် စစ်ဆေးဂိတ်မှာ အထူးသဖြင့် ယာဉ်ငယ်တွေကိုလည်း ဖိဖိစည်းစည်းနဲ့ စစ်ဆေးဆောင်ရွက်လျက်ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

မန္တလေး သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ် ဖမ်းဆီခြင်းလုပ်ငန်းများကို အဓိက အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီမှ ဒီဇင်ဘာအထိ တရားမဝင်သစ် ကျွန်း ၅၈၉ ဒသမ ၁၆၂၉ တန်၊ သစ်မာ ၈၃၁ ဒသမ ၂၀၄၂ တန်၊ အခြားသစ် ၈၀၄ ဒသမ ၇၇၄၆ တန် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း တန် ၂၂၂၅ ဒသမ ၁၄၁၇ တန် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်တွင် တရားမဝင်သစ် ကျွန်း ၄၂၈ ဒသမ ၅၇၉၅ တန်၊ သစ်မာ ၉၂၅ ဒသမ ၅၂၅၈ တန်၊ အခြားသစ် ၆၂၀ ဒသမ ၃၇၃၇ တန် စုစုပေါင်း ၁၉၇၄ ဒသမ ၄၇၉၀ တန် ဖမ်းမိခဲ့ပြီး ယမန်နှစ်ထက် တန်လျော့နည်းစွာ ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ သိရသည်။