ငွေဆောင်ဟိုတယ်ဇုန်အတွင်း မြေယာပြဿနာကြောင့် ဆောက်လုပ်ခွင့်တားမြစ်ထားသော ဟိုတယ်အချို့ ဆက်လက်တည်ဆောက်နေသဖြင့် တိုင်းဒေသကြီးအစိုးရထံ တင်ပြ

ငွေဆောင်ဟိုတယ်ဇုန်အတွင်း မြေယာပြဿနာကြောင့် ဆောက်လုပ်ခွင့်တားမြစ်ထားသော ဟိုတယ်အချို့ ဆက်လက်တည်ဆောက်နေသဖြင့် တိုင်းဒေသကြီးအစိုးရထံ တင်ပြ
Published 10 January 2018

ငွေဆောင်ဟိုတယ်ဇုန်အတွင်း အဆောက်အအုံသစ် ဆောက်လုပ်နေသည်ကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေ ဟိုတယ်ဇုန်အတွင်း မြေယာပြဿနာကြောင့် ဆောက်လုပ်ခွင့် တားမြစ်ထားသော ဟိုတယ်အချို့ တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသောကြောင့် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားကြောင်း ဇန်နဝါရီ ၉ ရက်က ငွေဆောင်မြို့နယ် စည်ပင်သာယာကော်မတီမှ သိရသည်။

ငွေဆောင် ဟိုတယ်ဇုန်အတွင်း ဒေသခံ မူလတောင်သူများ မြေယာသိမ်းဆည်းခံခဲ့ရပြီး မြေယာအငြင်းပွားမှုကြောင့် ဟိုတယ်အလုံး ၂၀ ကို တိုင်းဒေသကြီးအစိုးရက အဆောက်အအုံသစ် ထပ်မဆောက်ရန် တားမြစ်ထားသော်လည်း OCEAN BLUE ဟိုတယ်နှင့် GRAND NGWESAUNG ဟိုတယ်တို့က ဆက်လက်လုပ်ဆောင်နေမှုကြောင့် ဒေသခံများက တင်ပြတိုင်ကြားလာသဖြင့် အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း ဆက်လက်တည် ဆောက်နေသောကြောင့် ဖြေရှင်းဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဟိုတယ်နှစ်လုံးက ဆက်ဆောက်နေတော့ မြေယာအငြင်းပွားမှု ဖြစ်ထားတဲ့ မူလတောင်သူတွေက တိုင်ကြားလာလို့ တားမြစ်စာတွေ  နှစ်ကြိမ် သုံးကြိမ်ပို့တယ်။ လိုက်နာခြင်း မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ စည်ပင်ဥပဒေအရ ကျွန်တော်တို့ ညှိနှိုင်းဖြေရှင်းလို့ တိုင်းဒေသကြီးအစိုးရထံ တင်ပြညှိနှိုင်းရမယ် ဆိုတာပါတဲ့အတွက်…” ဟု ငွေဆောင်မြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ မြေယာပြဿနာနှင့်ပတ်သက်၍ ဒေသခံ မူလတောင်သူများက အဆင့်ဆင့် တင်ပြတိုင်ကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရက အဆောက်အအုံအသစ်များ ဆက်လက်ဆောက်လုပ်ခွင့်တား မြစ်ခဲ့ပြီးမြို့နယ် မြေယာစီမံခန်ခွဲမှုအဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ကာ ပြန်လည်တင်ပြထားချိန်ဖြစ်၍ မူလတောင်သူများထံ တစ်စုံတစ်ရာ ပြန်လည်ဖြေရှင်းခြင်း မရှိသေးကြောင်း ဒေသခံ မူလတောင်သူများထံမှ သိရသည်။

“တိကျတဲ့အဖြေမထွက်သေးဘဲ အခုလို ဆက်ဆောက်နေတဲ့အတွက် မကျေနပ်ပါဘူး။ အဆင့်ဆင့် တင်ပြတိုင်ကြားသွားမှာပါ။ နောက်ဆုံးမရရင် ဆန္ဒဖော်ထုတ်မှုတွေပါ ပြုလုပ်သွားမှာပါ” ဟု ဒေသခံ မူလတောင်သူတစ်ဦးဖြစ်သူ ဦးတင်ထူးက ပြောကြားသည်။

အဆိုပါမြေယာပြဿနာမှာ ၂၀၀၀ ပြည့်နှစ်က ငွေဆောင်ကမ်းခြေဒေသတွင် ဒေသခံ မူလပိုင်ရှင် ၂၄၈ ဦးထံမှ အုန်းခြံမြေ ၃၁၅ ဧကကျော်ကို မြေလျော်ကြေးမပေးဘဲ  အုန်းပင်အရေအတွက်ဖြင့် သီးနှံလျော်ကြေးအဖြစ် ပေးချေကာ သိမ်းဆည်းခဲ့သောမြေယာများဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အစိုးရက ဥယျာဉ်ခြံမြေကို အခြားနည်းအသုံးပြုခွင့် လန (၃၉) ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဒေသခံ မူလပိုင်ဆိုင်သူများထံ ပြန်လည်ပေးအပ်ရန် ညွှန်ကြားခဲ့သော်လည်း ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ ဆက်လက်တည်ဆောက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။