မြန်မာလုံခြုံရေးတပ်ဖွဲ့အား ARSA က တိုက်ခိုက်ခဲ့မှုအား ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ထုတ်ပြန်

မြန်မာလုံခြုံရေးတပ်ဖွဲ့အား ARSA က တိုက်ခိုက်ခဲ့မှုအား ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ထုတ်ပြန်
Published 8 January 2018

Photo - U.S. Embassy Rangoon

ဇန်နဝါရီ ၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော မြန်မာလုံခြုံရေး တပ်ဖွဲ့အား ARSA ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ကို အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က တိုက်ခိုက်မှုအပေါ် မိမိတို့ ရှုတ်ချပါကြောင်း၊ ယင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားကြသူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားလိုပါသည်ဟု ပါရှိသည်။

ထို့အပြင် အကြမ်းဖက်လုပ်ရပ်သည် ရခိုင်ပြည်နယ်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပိုမိုအားနည်းမှုကိုသာ ဖြစ်ပေါ်စေပါကြောင်းနှင့် ပါဝင်ပတ်သက်သူ အားလုံးတို့၏ ပြောဆို ဆောင်ရွက်မှုများမှာ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူများ ၎င်းတို့၏ မူရင်းအရပ်ဒေသများသို့ လုံလုံခြုံခြုံနှင့် ၎င်းတို့၏ သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်သော အခြေအနေကို တည်ဆောက်နိုင်ရေးအတွက် ဖြစ်စေလိုကြောင်း မိမိတို့အနေဖြင့် ဆက်လက် တိုက်တွန်းပါကြောင်း ထုတ်ပြန်ခဲ့သည်။

ARSA ဟု ခေါ်သော ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်အဖွဲ့သည် ပြီးခဲ့သည့်လများ အတွင်းကလည်း တိုက်ခိုက်မှုအချို့ လုပ်ဆောင်ခဲ့သေးသည်။

မြန်မာတပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ဇန်နဝါရီ ၅ ရက်က လက်လုပ်မိုင်းများ၊ သေနတ်များပါလာသည့် ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမား ၁၀ ဦးခန့်သည် ကားတစ်စီးဖြင့် ဝင်တိုက်ခိုက်ခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။ အဆိုပါတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ယာဉ်မောင်းတို့ ဒဏ်ရာရသွား ခဲ့သည်ဟု သိရသည်။

ARSA က ထိုချုံခိုတိုက်ခိုက်မှုသည် ၎င်းတို့ လက်ချက်ဖြစ်သည်ဟု ဇန်နဝါရီ ၇ ရက်က ၎င်းတို့၏တရားဝင် Twitter အကောင့် ပို့စ်တစ်ခုတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ARSA ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က မြန်မာအကြမ်းဖက်တပ်ကို ချုံခိုတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တဲ့အကြောင်း ဒီကနေ ကြေညာလိုက်ရပါတယ်” ဟု ရေးသားထားသည်။

သို့သော် မောင်တောမြို့တွင် ဖြစ်ခဲ့သည့် ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အခြားအသေးစိတ် အကြောင်းအရာတို့ကို မဖော်ပြခဲ့ပေ။

Most Read

Most Recent