ငွေပေးငွေယူ ပြေလည်အောင် မဆောင်ရွက်နိုင်သည့် ဆန်အရောင်းအဝယ် အကျိုးဆောင်များကို အသင်းဝင်အဖြစ်မှ ရပ်စဲပြီး Blacklist စာရင်းသွင်းမည်ဟု ဆန်စပါးကုန်သည်အသင်းဥက္ကဋ္ဌ ပြောကြား

ငွေပေးငွေယူ ပြေလည်အောင် မဆောင်ရွက်နိုင်သည့် ဆန်အရောင်းအဝယ် အကျိုးဆောင်များကို အသင်းဝင်အဖြစ်မှ ရပ်စဲပြီး Blacklist စာရင်းသွင်းမည်ဟု ဆန်စပါးကုန်သည်အသင်းဥက္ကဋ္ဌ ပြောကြား
Published 7 January 2018

ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် (မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း) တည်ရှိရာ အဆောက်အအုံကို တွေ့ရစဉ်

ဘုရင်နောင် ဆန်စပါးကုန်စည်ဒိုင်တွင်  ဆန်အရောင်းအဝယ်ပြုလုပ်ပြီး ငွေပေးငွေယူ ပြေလည်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ဆန်အရောင်းအဝယ် အကျိုးဆောင်များကို အသင်းဝင်အဖြစ်မှ ရပ်စဲကာ နာမည်ပျက်စာရင်းသွင်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

“ညှိနှိုင်းတဲ့အခါမှာ ရာခိုင်နှုန်း ၇၀ ပေးတာ၊ ရာခိုင်နှုန်း ၅၀ ပေးတာ၊ ရာခိုင်နှုန်း ၃၀ ပေးတာ ရာနှုန်းပြည့် ပေးတာကျေနပ်တဲ့အထိ ကျွန်တော်တို့ဘက်က ညှိနှိုင်းပေးမယ်။ သို့သော် တစ်ဖက်ကလည်း မပေးနိုင်ဘူး တစ်ဖက်လည်း မပေးနိုင်တာကို မကျေနပ်ရင် ဥပဒေကြောင်းအရ ဆက်သွားဖို့ ကုန်စည်ဒိုင်ကနေပြီးတော့ တာဝန်ခံပြီးတော့ ကျွန်တော်တို့ လုပ်ပေးမယ်။ အဲဒီအချိန် တာဝန်ခံပြီး လုပ်ပေးလို့ မပေးတော့ဘူးဆိုရင်တော့ အဲဒီအကျိုးဆောင်ကို ကုန်စည်ဒိုင်ကနေ အသင်းသားအဖြစ်က ကျွန်တော်တို့ရပ်စဲမယ်။ Blacklist လုပ်မယ် ငွေပေးငွေယူ ပြေလည်အောင် ပေးတဲ့နေ့မှ သူ့ကို ကုန်စည်ဒိုင်ထဲမှာ ပြန်လည်အရောင်းအဝယ် လုပ်ခွင့်ပေးမယ်။ ဒါကျွန်တော်တို့ ကုန်စည်ဒိုင်ရဲ့မူပါပဲ” ဟု ဦးအောင် သန်းဦးက ပြောကြားသည်။

ဇန်နဝါရီ ၅ ရက်က A.S.O Co.,Ltd အနေဖြင့် ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်) တွင် ကျပ် ငါးဘီလျံကျော်အထိ လိမ်လည်မှုဖြစ်ပွားခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆန်ဈေးကွက်အတွင်း ငါးဘီလျံကျော် လိမ်လည်သွားသည့် ကိစ္စရပ်ကို လိမ်လည်သူ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းမည့် ကော်မတီတစ်ရပ်အပါအဝင် ကော်မတီသုံးခု ဖွဲ့စည်းကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ရှိ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

“ကော်မတီသုံးရပ် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီကော်မတီက ဖြစ်စဉ်နဲ့ ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားဥပဒေနဲ့ အညီ တိုင်တန်းဖို့အတွက် ဖြစ်စဉ်မှာ ပါဝင်တဲ့ ကုန်သည်များအတွက် ဥပဒေနဲ့အညီ အကျိုးဆောင်ပေးမယ့် ကော်မတီ ဖြစ်ပါတယ်။ ဒုတိယကော်မတီက ဒီဖြစ်စဉ်မှာ ဦးအောင်ဆွေဦး ပိုင်ဆိုင်တဲ့ ပစ္စည်းများကို အချိန်မီသိမ်းဆည်းရယူဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါတယ်။ တတိယကော်မတီကတော့ ဦးအောင်ဆွေဦးရဲ့ ကုမ္ပဏီကို တစ်ဆင့်ပြန်သွင်းတဲ့ ကုန်သည်တွေရဲ့ အောက်မှာရှိတဲ့ ဆန်စက်ပိုင်တွေနဲ့ နယ်ကုန်သည်တွေရဲ့ကြားမှာ ဖြေရှင်းရမယ့် လုပ်ငန်းစဉ်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။ ဒီကိစ္စတွေကို သက်ဆိုင်ရာ ကော်မတီအသီးသီးက တာဝန်ယူပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဆန်ဈေးကွက်အတွင်း ဘီလျံနှင့်ချီ၍ လိမ်လည်မှုများ ဖြစ်ပေါ်နေသောကြောင့် ဆန်ဈေးကွက် ပျက်သွားနိုင်ကြောင်း ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ရှိ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောကြားသည်။

အဆိုပါလိမ်လည်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းသို့  လာရောက်တိုင်ကြားသူ  ၆၀ ကျော်ရှိပြီး စုစုပေါင်းငွေ ပမာဏမှာ ကျပ်ငါးဘီလျံကျော်ရှိကြောင်း သိရသည်။

“ဒီ ၆၀ကျော်မှာ ငွေပမာဏ အမြင့်ဆုံးက သိန်းရှစ်ထောင်၊ အနည်းဆုံးက သိန်း ၁၀၀ ကျော်ရှိတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။ ယခုကိစ္စအပေါ် အခွင့်အရေးယူပြီး ထပ်မံ၍ မလိုလားအပ်သော ကိစ္စများ မပေါ်ပေါက်လာစေရန် အတွက်လည်းကောင်း၊ သက်ဆိုင်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက်လည်းကောင်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။