မေယုဒေသတွင် အခြေချနေထိုင် လုပ်ကိုင်စားသောက်ရန် သံတွဲမြို့နယ်မှ ရွှေ့ပြောင်းလုပ်သားများ ထပ်မံရောက်ရှိ

မေယုဒေသတွင် အခြေချနေထိုင် လုပ်ကိုင်စားသောက်ရန် သံတွဲမြို့နယ်မှ ရွှေ့ပြောင်းလုပ်သားများ ထပ်မံရောက်ရှိ
Published 6 January 2018

မေယုဒေသတွင် အခြေချနေထိုင် လုပ်ကိုင်စားသောက်ရန် သံတွဲမြို့နယ်မှ ရွှေ့ပြောင်းလုပ်သားများ ဇန်နဝါရီ ၄ ရက်က ထပ်မံရောက်ရှိလာစဉ်

မေယုဒေသတွင် အခြေချနေထိုင် လုပ်ကိုင်စားသောက်ရန် သံတွဲမြို့နယ်မှ ရွှေ့ပြောင်းလုပ်သားများ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက်က သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှတစ်ဆင့် ထပ်မံရောက်ရှိလာသူ အိမ်ထောင်စု ခြောက်စု၊ လူဦးရေ ၁၅ ဦး ခန့်သည် ရသေ့တောင်မြို့နယ် အငူမော်ဆိပ် ကမ်းမှတစ်ဆင့် ထပ်မံရောက်ရှိလာခြင်းဖြစ် ပြီး ၎င်းတို့အား အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီမှ တာဝန်ရှိသူတို့က ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းအရောက် လိုက်လံပို့ဆောင် ခဲ့ကြကြောင်း သိရသည်။

သံတွဲမြို့နယ် ဆင်ခေါင်းဒေသမှ မယူကမ်းဒေသသို့ ပြောင်းလာသူ ဦးမောင်ထွန်းလှက “စားဝတ်နေရေး အဆင်မပြေလို့ ရသေ့တောင်မြို့နယ် မေယုကမ်းဒေသမှာ ရွာအသစ်ချနေတယ်လို့ သတင်းကြားလို့ လုပ်ကိုင်စားသောက်ဖို့ နေရာဒေသ ကောင်းတယ်လို့ သတင်းကြားလို့ ပြောင်းလာကြတာ ဖြစ်ပါတယ်။ တနင်္လာနေ့က ဆင်ခေါင်းကနေ ထွက်လာတာပါ။ အခုလာတာက မိသားစုခြောက်စု၊ လူဦးရေ ၁၅ ဦးဖြစ်ပါတယ်။ ဆင်ခေါင်းမှာ တောင်ယာခုတ်လို့ လုပ်ကိုင်စားသောက်ပါတယ်။ ကျွန်တော်တို့က အသက်အရွယ်လည်း ကြီးသွားပြီဆိုတော့ လယ်တစ်ဧက နှစ်ဧက လောက်ရရင်တော့ အဆင်ပြေပါမယ်။ ကျွန်တော်တို့က ဘူးသီးတောင်မြို့နယ် ဇာတိဖြစ်ပါတယ်။ ကျွန်တော်တို့က သံတွဲမြို့နယ်ကို ပြောင်းသွားတာ ငါးနှစ်လောက်ရှိပါပြီ” ဟု ပြောကြားသည်။

မေယုဒေသတွင် အခြေချရန် သံတွဲမြို့ နယ်မှ လာရောက်သူ ၁၀၀ ကျော် နေထိုင်ရန် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာအနီးတွင် ယာယီတဲများ စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိ မေယုဒေသတွင် အခြေချရန် ရောက်ရှိနေသည့် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၁၅ ဦးအထိ ရှိနေပြီဖြစ်ပြီး ၎င်းတို့ယာယီ နေထိုင်ရန်အတွက် သင်္ဘောကွေ့ကျေးရွာ အနီးတွင် ယာယီတဲများထိုးကာ နေထိုင်နေကြကြောင်း သိရသည်။

မေယုဒေသတွင် အခြေချရန် သံတွဲမြို့ နယ်မှ လာရောက်သူများ နေထိုင်ရန် ကျေးရွာကို မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာ အနီးတွင် တည်ဆောက်သွားမည်ဖြစ်ကာ ကျေးရွာဘုန်းတော်ကြီးကျောင်း ဆောက်လုပ်မည့် မြေနေရာကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပန္နက်ရိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံတွဲမြို့နယ်မှ ဆင်ခေါင်းကျေးရွာသားများသည် ဒီဇင်ဘာ ၁၀ ရက်၌ ပထမအုပ်စု၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဒုတိယအုပ်စုအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ ရောက်ရှိလာသူများအား လက်ရှိတွင် လူမှုအဖွဲ့အစည်းများက လာရောက် ကူညီနေကြကြောင်း သိရသည်။