မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်နေပြီး အာဆီယံ၊ ဂျပန်နှင့် တရုတ်တို့ အဓိက စိတ်ဝင်စားမှု မြင့်တက်နေကြောင်း စီးပွား/ကူးသန်းဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်နေပြီး အာဆီယံ၊ ဂျပန်နှင့် တရုတ်တို့ အဓိက စိတ်ဝင်စားမှု မြင့်တက်နေကြောင်း စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
Published 4 January 2018

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ကုန်ထုတ်စက်ရုံတစ်ရုံကို တွေ့ရစဉ်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်နေပြီး အထူးသဖြင့် အာဆီယံနိုင်ငံများ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ အဓိကစိတ်ဝင်စားမှု မြင့်တက်နေခြင်းဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“နိုင်ငံခြားကလည်း ကျွန်တော်တို့နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နံှဖို့ စိတ်ဝင်စားမှု ရှိပါတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံများနဲ့ ဂျပန်၊ တရုတ် စသည်ဖြစ် အလားအလာကောင်းတွေ ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရင်းနှီးမြှုပ်နှံမှုကော်မတီများက ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရုံးများကို ဖွင့်လှစ်ထားပြီဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဥပဒေအရ တိုင်းနဲ့ပြည်နယ်များကိုလည်း လုပ်ကိုင်ခွင့်တွေ ပိုပေးတာရှိပါတယ်။ ဖြေလျှော့တာတွေ ရှိပါတယ်” ဟု ဒေါက်တာသန်းမြင့်က ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာ တတိယပတ်အထိ မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာငါးဘီလျံကျော် ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံက အများဆုံး ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၄/၂၀၁၇) အရ သိရသည်။

လက်ရှိဘဏ္ဍာနှစ်ဝက်အတွင်း ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မကာအို၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ နယ်သာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်၊ ဗီယက်နမ်၊ လူဇင်ဘတ်၊ ဆာမိုအာ၊ ကာတာ၊ တောင်အာဖရိက၊ ထိုင်ဝမ်၊ နယူးဇီလန် စသည့်နိုင်ငံ၊ ဒေသများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ၂၀၁၇ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နှစ်လအတွင်း ဒေါ်လာ ၂၀၈ သန်းကျော်ဖြင့် အများဆုံး ခွင့်ပြုပေးထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်လာ ၂ ဒသမ ၅ ဘီလျံဖြင့် အများဆုံး ဝင်ရောက်ထားကာ ရခိုင်၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် ဝင်ရောက်မှုမရှိသေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။