လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ ရက်အထိ သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၃၂၅၇ သန်းကျော် တင်သွင်းထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်းနှစ်ထောင်ကျော် ပိုမိုတင်သွင်းထား

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ ရက်အထိ သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၃၂၅၇ သန်းကျော် တင်သွင်းထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်းနှစ်ထောင်ကျော် ပိုမိုတင်သွင်းထား
Published 4 January 2018

စက်ယန္တရားနှင့် လယ်ယာသုံးပစ္စည်းများ မြဝတီနယ်စပ်မှတင်သွင်းလာသည်ကို ဒီဇင်ဘာနောက်ဆုံးပတ်က တွေ့ရစဉ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ ရက်အထိ ပြည်ပသွင်းကုန်တင်သွင်းမှု ပမာဏဒေါ်လာ ၁၃၂၅၇ သန်းကျော် တင်သွင်းထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်းနှစ်ထောင်ကျော် ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ ရက်အထိ ပြည်တွင်းသို့တင်သွင်းသည့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၄၆၉၅ ဒသမ ၄၀၃ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၅၃၄၇ ဒသမ ၃၉၇ သန်းနှင့် လူသုံးကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၃၂၁၄ ဒသမ ၇၆၁ သန်းရှိပြီး သွင်းကုန်များ၏ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၁၃၂၅၇ ဒသမ ၅၆၁ သန်းရှိသည်။

ပြည်ပသွင်းကုန်တင်သွင်းမှု စုစုပေါင်းပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀၇၃ ဒသမ ၀၃၉ သန်း ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပသွင်းကုန်စာရင်းများအရ သိရသည်။

ထို့ပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ ရက်အထိ ပြည်ပသွင်းကုန် အုပ်စုသုံးမျိုးတွင် နိုင်ငံပိုင်သွင်းကုန်မှ တင်သွင်းမှု ၇၁၁ ဒသမ ၂၂၉ သန်း၊ ပုဂ္ဂလိကပိုင်သွင်းကုန်မှ တင်သွင်းမှု ဒေါ်လာ ၁၂၅၄၆ ဒသမ ၃၃၂ သန်းတင်သွင်းထားပြီး စုစုပေါင်းပြည်ပသွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၁၃၂၅၇ ဒသမ ၅၆၁ သန်းဖြစ်ကြောင်း ပြည်ပသွင်းကုန်စာရင်းများအရ သိရသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုမှာ ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁၁၄ ဒသမ ၂၆၂ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၁၄၆၄ ဒသမ ၆၁၃ သန်းနှင့် လူသုံးကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၄၉၄ ဒသမ ၁၆၄ ­သန်း ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဓာတုဗေဒပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ ရာဘာကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ဘိလပ်မြေ၊ မီးရထားနှင့် သက်ဆိုင်သည့်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သင်္ဘောနှင့်သင်္ဘောပစ္စည်းများ၊ လယ်ထွန်စက်များ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ၊ ကွန်ပျူတာနှင့်သက်ဆိုင်သည့်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ဝိုင်ယာကြိုးများနှင့် အခြားပစ္စည်းများ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ ပြည်ပနိုင်ငံများမှ သွင်းကုန်ပစ္စည်းများတင်သွင်းရာတွင် နယ်စပ်စခန်းများမှ ကုန်သွယ်မှုနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုတို့မှ ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ ရက်အထိ ပြည်ပပို့ကုန်အုပ်စုမှ ပို့ကုန်ဝင်ငွေပမာဏမှာ ဒေါ်လာ ၉၉၉၁ သန်းကျော်ရရှိထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်းတစ်ထောင်ကျော် ပိုမိုရရှိထားကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၂ ရက်အထိ ပြည်ပပို့ကုန်အုပ်စုခုနစ်ခုမှ လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ရရှိဝင်ငွေမှာ ဒေါ်လာ ၂၁၄၅ ဒသမ ၃၅၆ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁၉ ဒသမ ၆၆၉ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၄၆၃ ဒသမ ၉၈၂ သန်း၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၇၉ ဒသမ ၄၇၁ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၅၇ ဒသမ ၆၄၈ သန်း၊ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၄၅၁၅ ဒသမ ၆၉၅ သန်းနှင့် အခြားကုန်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၇၀၉ ဒသမ ၇၃၅ သန်းရရှိထားကြောင်း သိရသည်။