Facebook တွင် ဟာသဗီဒီယိုများဖြင့် ပရိတ်သတ်အကြိုက်များသည့် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်သတ်ခဲ့သည့်ဖြစ်စဉ်မှ တစ်ဦးအား ဖမ်းဆီးရမိ

Facebook တွင် ဟာသဗီဒီယိုများဖြင့် ပရိတ်သတ်အကြိုက်များသည့် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်သတ်ခဲ့သည့်ဖြစ်စဉ်မှ တစ်ဦးအား ဖမ်းဆီးရမိ
Published 4 January 2018

Photo: Aung Yell Htwe Facebook

Facebook တွင် ဟာသဗီဒီယိုများဖြင့် ပရိတ်သတ်အကြိုက်များသည့် အောင်ရဲထွေး အုပ်စုဖွဲ့ ရိုက်နှက်ခံရသည့် ဖြစ်စဉ်မှ ပါဝင်သူ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၃ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ယင်းသို့ ပါဝင်သည့် အမျိုးသားအား ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဖြစ်စဉ်မှာ ပါဝင်တယ်လို့ သိရတဲ့ အမျိုးသားတစ်ဦးကို ဇန်နဝါရီ ၃ ရက်မှာ ဖမ်းဆီးရမိပါတယ်။ နောက်ထပ်တော့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားရာ၌ သေဆုံးသူ အောင်ရဲထွေးနှင့် အတူရှိခဲ့သည့် အမျိုးသမီးတစ်ဦးက “ပွဲမှာ ညီမတို့က စင်ပေါ်မှာဖြစ်တော့ ညီမကို သူကိုယ်တိုင်လား၊ ဒါမှမဟုတ် တခြားတစ်ယောက်က ရှုပ်နေမှာစိုးလို့လား မသိဘူး။ ဆောင့်တွန်းလိုက်တယ်။ ဝင်ရိုက်တာက သုံး လေးယောက်လောက်ပဲ။ နောက်ဆုံးတစ်ယောက်က သူ့ကိုခြေထောက်နဲ့ ကန်နေတာ တွေ့တယ်”ဟု ပြောကြားသည်။

အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ၤFacebook စာမျက်နှာတွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၊ နံနက် ၄ နာရီခန့်တွင် သေဆုံးသူမှာနှင့် ရည်းစားဖြစ်သူ ပိုးပိုး (၂၈) နှစ်တို့မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်း ပြုလုပ်သည့် ပါတီပွဲသို့ ရောက်ရှိစဉ် လွန်ခဲ့သည့် လေးရက်ခန့်က ခိုက်ရန်ဖြစ်ပွားခဲ့ဖူးသူ အမျိုးသားငါးဦး (စီစစ်ဆဲ) နှင့်တွေ့ဆုံခဲ့ရာမှ ၎င်းတို့မှ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးကြိတ်ခံရသဖြင့် သေဆုံးသူမှာ ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသခဲ့ရကြောင်း၊ တင်ပို့ကုသစဉ် ဇန်နဝါရီ ၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲကျော်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား သုဝဏ္ဏနယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent