သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို ဇန်နဝါရီ ၂ ရက်မှ စတင်၍ ပါရမီလမ်းရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ၌ ပြောင်းရွှေ့ဖွင့်လှစ်

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို ဇန်နဝါရီ ၂ ရက်မှ စတင်၍ ပါရမီလမ်းရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ၌ ပြောင်းရွှေ့ဖွင့်လှစ်
Published 3 January 2018

ဗဟန်းမြို့နယ် သံလွင်လမ်း၌ ဖွင့်လှစ်ထားသည့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှစတင်၍ ပါရမီလမ်းရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ၌ အသစ်တည်ဆောက် ထားသည့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

၂၀၁၇-၂၀၁၈ အတွက် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ သင်တန်းများအားလုံးကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာ  ၄ ရက် တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း အဆောက်အအုံ ဆောက်လုပ်ဆောင်ရွက်ခြင်း လုပ်ငန်းများအား အပြီးသတ်ဆောင်ရွက် နေရခြင်းကြောင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ သင်ကြားနိုင်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ် သင်တန်းများ အားလုံးကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်အစား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်၌ စတင်ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီဇင်ဘာ ၄ ရက်မှာ စဖွင့်ဖို့ လျာထားပေမယ့် အဆောက်အဦးက တည်ဆောက်မပြီးသေးတာကြောင့် ကျောင်းသားတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ကျောင်းကို တစ်လနောက်ဆုတ်ပြီး ဖွင့်ရတာဖြစ်ပါတယ်။ ကျောင်းတစ်ကျောင်းလုံး ပြောင်းလာကြတာပါ။ သံလွင်လမ်းမှာရှိတဲ့ ကျောင်းကိုကျတော့ စက်မှုသက်မွေး ဦးစီးဌာန အောက်ကနေပြီး Teacher Training Institute လုပ်မယ်လို့ သိရပါတယ်။ သင်ကြားမှု သင်ယူမှု ပစ္စည်းတွေက အားလုံးအစုံပါပါတယ်။ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်က ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကနေ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ ငါးနှစ်ဖွင့်လာခဲ့တာ ဆိုတော့ သင်ထောက်ကူ ပစ္စည်းတွေက စုံပါတယ်။ အဆောက်အအုံပဲ ပြောင်းလာတဲ့ သဘောပါပဲ” ဟု သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ အတွက် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ပထမနှစ် သင်တန်းများသို့ အနိမ်ဆုံး ဝင်ခွင့်ပြု ရမှတ်မှာ ၄၈၇ မှတ်ဖြစ်ပြီး ပထမနှစ်သင်တန်း၌ ကျောင်းသားကျောင်းသူ ဦးရေ ၂၃၅ ယောက် တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများမှ သချာၤ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲ တစ်ခုခုဖြင့် ဖြေဆိုအောင် မြင်သူများအား လျှောက်ထားခွင့် ပြုခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ ငါးနှစ်ဖြစ်သည်။

 

Most Read

Most Recent