ကျပ်သိန်းပေါင်း ၇၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့သော စစ်ကိုင်းမြို့ မြစ်ရေတင်စီမံကိန်း ပြီးစီးပြီဖြစ်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှစ၍ မြစ်ရေစတင် ဖြန့်ဖြူးမည်

ကျပ်သိန်းပေါင်း ၇၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့သော စစ်ကိုင်းမြို့ မြစ်ရေတင်စီမံကိန်း ပြီးစီးပြီဖြစ်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှစ၍ မြစ်ရေစတင် ဖြန့်ဖြူးမည်
Published 1 January 2018

JICA ချေးငွေဖြင့် ကျပ်သိန်းပေါင်း ၇၀၀၀ ကျော် အကုန်ကျခံ တည်ဆောက်ခဲ့သော ရေဂါလန်လေးသိန်းဆန့် စစ်ကိုင်းမြို့ မြစ်ရေတင်စီမံကိန်းပြီးစီးကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ရပ်ကွက်များသို့မြစ် ရေစတင်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၁ တွင် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

စစ်ကိုင်းမြို့ စစ်ကိုင်းစက်မှုဇုန် အရှေ့ထိပ်ရှိ ဧရာဝတီမြစ်ရေတင်စီမံကိန်းကို W.E.G Co.Ltd မှ ၂၀၁၆ ခုနှစ် ဧပြီမှစတင် တည်ဆောက်ခဲ့ပြီး ရေစစ်ကန်များ၊ ရေလက်ခံမည့်ကန်ကြီးများ၊ ရေဖြန့်ဝေမည့် ရေကန်ကြီးများ၊ ရေလှောင်ကန်များနှင့် ရေပိုက်လိုင်းများ သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“မြစ်ရေမရသေးတဲ့ ရပ်ကွက်တွေကို ဦးစားပေး ရေဖြန့်ဖြူးသွားမှာပါ။ ဇန်နဝါရီထဲမှာ ဇေယျာကွက်သစ်၊ ဇေယျာတိုးချဲ့ရပ်ကွက်တွေကို ပေးသွားမယ်။ ပြီးရင် မြရတနာ၊ နီလာဦး ရပ်ကွက်တွေကို ဆက်ပေးသွားမယ်။ ရေပေးနိုင်ဖို့ စမ်းသပ်လွှတ်ခြင်းတွေ ဆောင်ရွက်ပြီးပါပြီ။ ကျပ်သိန်းပေါင်း ခုနစ်ထောင်ခြောက်ရာ ကျော်ကုန်ကျခဲ့ပါတယ်။ စစ်ကိုင်းမြို့က ရေချိုရဖို့ ခက်ခဲပါတယ်။ ဒါကြောင့် နိုင်ငံတကာ အကူအညီတစ်ခုဖြစ်တဲ့ JICA စီမံကိန်းနဲ့ ပူးပေါင်းပြီး အတိုးနည်း၊ အတိုးမဲ့ ချေးငွေများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

စစ်ကိုင်းမြို့တွင် မြို့ပေါ်ရပ်ကွက် ၂၃ ခုရှိပြီး ရပ်ကွက်အချို့တွင် မြစ်ရေတင်လုပ်ငန်းများရှိကြကာ ရပ်ကွက်အလိုက် ရေမီတာ ယူနစ်ကောက်ခံကြေးများလည်း မတူညီကြောင်း သိရကာ စစ်ကိုင်းစက်မှုဇုန်၊ ရွှေမင်းဝံရပ်ကွက်၊ ပတ္တမြားရပ်ကွက်များတွင် ဂရိတ်ဝေါလ် အထပ်သားစက်ရုံမှ မြစ်ရေ တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှုန်းဖြင့် မြစ်ရေဖြန့်ဖြူးပေးနေကြောင်း သိရသည်။

“JICA စီမံကိန်းကရေပေးမယ်ဆို ရေပိုရလာပြီး အဆင်ပြေလာမယ်။ ခုဂရိတ်ဝေါလ်ကနေ မြစ်ရေတစ်ယူနစ်ကို ၂၀၀ နဲ့ ဝယ်ပြီး ၃၅၀ နဲ့ ပြန်ဖြန့်နေရတယ်။ စည်ပင်ရေတိုင်ကြေးက ၁၀၀ ကောက်ပါတယ်။ ရေမီတာ တစ်လုံးကို ကျပ် ၇၁၀၀၀ နှုန်းနဲ့ တပ်ဆင်ပေးပါတယ်” ဟု ရွှေမင်းဝံရပ်ကွက် ရေပေးဝေရေးကော်မတီမှ ကိုထွန်းနိုင်က ပြောကြားသည်။