အနည်းဆုံး အခကြေးငွေပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားနှင့်ပတ်သက်၍ WE Generation Network နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်များက သဘောထားကြေညာချက် ထုတ်ပြန်

အနည်းဆုံး အခကြေးငွေပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားနှင့်ပတ်သက်၍ WE Generation Network နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်များက သဘောထားကြေညာချက် ထုတ်ပြန်
Published 31 December 2017

အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ပေးရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားနှင့်ပတ်သက်၍ WE Generation Network နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ရက်များက ဒီဇင်ဘာ ၃၀ ရက်တွင် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီ၏ ဒီဇင်ဘာ ၂၉ ရက် စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးမှ တစ်ရက်လျှင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား ကျပ် ၄၈၀၀ နှင့် အလုပ်သမား ၁၀ ဦးနှင့်အထက် လုပ်ငန်းများအကျုံးဝင်သည်ဟု သတ်မှတ်ကြောင်း သိရပြီး အဆိုပါသတ်မှတ်ချက်သည် အနည်းဆုံး အခကြေးငွေ ဥပဒေပုဒ်မ ၇ နှင့် နည်း ဥပဒေ ၁၉ တို့တွင် ညီညွတ်မှုမရှိဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အောက်တိုဘာ ၂ ရက် တတိယအကြိမ်ညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးကော်မတီများက တစ်ရက်လျှင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတင်ပြရာ ကျပ် ၄၀၀၀ မှ အများဆုံး ၆၄၀၀ အထိရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံးတစ်ပြေးညီ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားကို ကျပ် ၄၀၀၀ မှ ၄၈၀၀ ကြား အကြမ်းဖျင်းသတ်မှတ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)က ကျပ် ၆၆၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ စက်မှုလက်မှုဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS) က ကျပ် ၅၆၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံတောင်သူူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM) က ကျပ် ၅၆၀၀ ကိုလည်းကောင်း တင်ပြခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MWWRCC) သည်  အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားကို တစ်ရက်လျှင် အနည်းဆုံး ကျပ် ၅၆၀၀ ထက်မနည်း သတ်မှတ်ပေးရန် အောက်တိုဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၃ ရက်တို့တွင် သဘာထား ထုတ်ပြန်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးကော်မတီ၏ ဒီဇင်ဘာ ၁၂ ရက်အစည်းအဝေးတွင် တစ်ရက်လျှင် အနည်းဆုံးအခကြေးငွေ ကျပ် ၄၀၀၀ မှ ၄၈၀၀ ကြား သတ်မှတ်ရန် သင့်/ မသင့်နှင့် အလုပ်သမား ၁၀ ဦးနှင့်အထက် လုပ်ငန်းများ သက်ဆိုင်ကြောင်း သတ်မှတ်ရန် သင့်/ မသင့် ကိစ္စရပ်များအား မဲခွဲအတည်ပြုဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

မန္တလေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ညွှန်ကြားချက်အရ အစည်းအဝေးများကျင်းပ၍ ဆုံးဖြတ်စေခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ အဆိုပါညွှန်ကြားချက်အရ ဆောင်ရွက်နေမှုများကို ပြေလည်အောင် ဆောင်ရွက်ပေးမှသာလျှင် ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်တွင် ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ပူးတွဲသဘောထားတစ်ရပ်ကို အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MWWRCC) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)တို့က ဒီဇင်ဘာ ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေး၍ နှစ်ဖက်သဘောတူညီမှုရရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အနည်းဆုံးအခကြေးငွေပြင်ဆင်သတ် မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Chatrium ဟိုတယ်၌ ကျင်းပစဉ် တင်ပြမည့်ပုဂ္ဂိုလ် ၂၁ ဦးအနက် အလုပ်သးမားများဘက်မှရရှိသည့် တင်ပြချိန် မိနစ် ၃၀ ကို ကိုယ်စားလှယ် သုံးဦးမှ တစ်ရက်လျှင် အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား ကျပ် ၅၆၀၀ မှ ၆၆၀၀ ကြား တင်ပြခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အလုပ်ရှင်ဘက်မှ အဆိုပြုနှုန်းထားမှာ ကျပ် ၄၀၀၀ မှ ၄၈၀၀ ကြားဖြစ်ကာ ပြည်ထောင်စုဝန်ကြီးနှင့် ကျွမ်းကျင်ပညာရှင်တို့က အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား မျှတစွာဆောင်ရွက်ခြင်းမရှိဘဲ အလုပ်ရှင်ဘက်မှ ရပ်တည်တင်ပြနေကြောင်း ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

အမျိုးသားကော်မတီ၏ တစ်ရက်လျှင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား ကျပ် ၄၈၀၀ နှင့် အလုပ်သမား ၁၀ ဦးအထက် လုပ်ငန်းများ အကျုံးဝင်ကြောင်း သတ်မှတ်ခြင်းကို စားသုံးသူဈေးနှုန်း ငွေကြေးဖောင်းပွမှုနှုန်း၊ အလုပ်သမားများ၏ ဆန္ဒသဘာထားနှင့် အနည်းဆုံးအခကြေးငွေဥပဒေ၊ နည်းဥပဒေများအပေါ် အခြေခံ၍ ဥပဒေနှင့်အညီ ကန့်ကွက်ကြောင်းနှင့် တစ်ရက်လျှင် အနည်းဆုံး အဆိုပြုနှုန်းထား ကျပ် ၅၆၀၀ နှင့် အလုပ်သမား ငါးဦးအထက်လုပ်ငန်းများ သက်ဆိုင်ကြောင်း ပြင်ဆင်သတ်မှတ်ကြေညာပေးရန် တောင်းဆိုကြောင်း WE Generation Network နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်တို့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။