ကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်မှုနှင့် ပတ်သက်သည့် Jude Jude Family၊Thint Myat Public Holding ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ရွှေမိုးစက်အား ခြေချုပ်နှင့် ခံဝန်တစ်နှစ်ချမှတ်

ကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်မှုနှင့် ပတ်သက်သည့် Jude Jude Family၊Thint Myat Public Holding ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ရွှေမိုးစက်အား ခြေချုပ်နှင့် ခံဝန်တစ်နှစ်ချမှတ်
Published 30 December 2017

ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် ရွှေမိုးစက်အား ရဲတပ်ဖွဲ့ယာဉ်ဖြင့် ဒီဇင်ဘာ ၂၉ ရက်က ရုံးထုတ်လာစဉ်

ကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်မှုနှင့်ပတ်သက်၍ ရန်ကင်းမြို့မရဲစခန်းမှ ခြေချုပ်ဖြင့် ဖမ်းဆီးထားသည့် ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် ရွှေမိုးစက်အား ဒီဇင်ဘာ ၂၉ ရက်တွင် ခြေချုပ်နှင့် ခံဝန်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဦးရွှေမိုးစက်အား ရန်ကင်းမြို့နယ် တရားရုံး တွဲဖက်မြို့နယ် တရားသူကြီးက ၁၉၆၁ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ-၅၁ (စ)(ဆ) အရ ပြစ်ဒဏ်တစ်နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ချမှတ်လိုက်သည့် ပြစ်ဒဏ်အရ ဦးရွှေမိုးစက်မှာ တစ်နှစ်အတွင်း ရန်ကင်းမြို့နယ် အတွင်း၌သာ နေထိုင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာရဲစခန်းသို့ တစ်လလျှင်တစ်ကြိမ် ကောင်းမွန်စွာ နေထိုင်ကြောင်းအား လက်မှတ်လာထိုးရမည် ဖြစ်ကြောင်း တွဲဖက်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

အမိန့်ချမှတ်သည့် ရုံးချိန်းတွင် ရန်ကင်းမြို့မရဲစခန်းမှ တရားလိုဖြစ်သူ ဒုရဲမှူးစိုးလှိုင်နှင့် ဦးရွှေမိုးစက်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကုမ္ပဏီ၏ဒါရိုက်တာ အဖွဲ့ဝင် ဦးရွှေမိုးစက်နှင့် ပိုင်ရှင်ဖြစ်သူ ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးအား အနောက်ပိုင်းခရိုင် တရားရုံးတို့တွင် တရားမမှုဖြင့် ရှယ်ယာရှင်များက တရားစွဲဆိုထားကြောင်း သိရသည်။

Jude Jude Family၊Thint Myat Public Holding ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်သူ ပြည်တွင်း/ပြည်ပမှ လူဦးရေ ၁၅၀၀ ကျော်ခန့်ရှိပြီး  လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်း၊ ဖက်ရှင်ဆိုင်၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကိတ်မုန့်၊ ကော်ဖီဆိုင်များ၊ အလှပြင်ဆိုင်၊ စတူဒီယိုနှင့် မင်္ဂလာ ဝန်ဆောင်မှုလုပ်ငန်း၊ ကားရေဆေးဆီထိုးလုပ်ငန်း စသည်လုပ်ငန်းများ လုပ်ကိုင်မည်ဟုဆိုကာ ရှယ်ယာဝင်များအား ဖိတ်ခေါ်ခဲ့ကြောင်း ရှယ်ယာဝင်များ၏ ပြောကြားချက်အရ သိရသည်။

ရှယ်ယာရှင်များသည် အဆိုပါကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ငွေ အနည်းဆုံး ငါးသိန်းမှစပြီး အများဆုံး သိန်း ၂၀၀၀ အထိရှိကြောင်း ရှယ်ယာရှင်များက ပြောကြားသည်။

ရှယ်ယာထည့်ဝင် သူများအတွက် ငါးသိန်းမှ သိန်း ၄၀ အထိ ရှယ်ယာထည့်ဝင်လျှင် ရာခိုင်နှုန်း ၃၀၊ ၄၁ သိန်းမှ သိန်း ၉၀ အထိ ထည့်ဝင်လျှင် ၂၅ ရာခိုင်နှုန်း၊ ၉၁ သိန်းအထက် ထည့်ဝင်လျှင် ရာခိုင်နှုန်း ၂၀ အမြတ်အစွန်း ရရှိမည်ဖြစ်ကြောင်း၊ အမြတ်အစွန်းများကို တစ်လတစ်ကြိမ် ထုတ်ယူခွင့်ရှိပြီး သုံးလပြည့်ပါက ရှယ်ယာငွေကို ပြန်လည် ထုတ်ယူနိုင်ကြောင်း စသည့်အချက်များဖြင့် ရှယ်ယာခေါ်ယူခြင်း ဖြစ်ကြောင်း ရှယ်ယာရှင်များထံမှ သိရသည်။