ချင်းပြည်နယ်၏ အထိမ်းအမှတ် တောင်ဇလပ်ပန်းပင်များကို စည်းကမ်းမဲ့ ခုတ်ယူနေမှုများအား ထိန်းသိမ်းစောင့်ရှောက်ပေးရန် ဒေသခံများလိုလား

ချင်းပြည်နယ်၏ အထိမ်းအမှတ် တောင်ဇလပ်ပန်းပင်များကို စည်းကမ်းမဲ့ ခုတ်ယူနေမှုများအား ထိန်းသိမ်းစောင့်ရှောက်ပေးရန် ဒေသခံများလိုလား
Published 27 December 2017

ချင်းပြည်နယ် ကနေဒီတောင် အနီးရှိ တောင်ဇလပ်ပန်းပင်များကို ဒီဇင်ဘာ ၂၃ ရက်နေ့က ခုတ်ယူနေကြစဉ် (ဓာတ်ပုံ - ကိုနီမင်းဦး)

ချင်းပြည်နယ်၏ အထိမ်းအမှတ်ဖြစ်သော တောင်ဇလပ်ပန်းပင်များကို စည်းကမ်းမဲ့ ခုတ်ယူနေမှုများအား ပြည်နယ်အစိုးရမှ တင်းကျပ်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။

တောင်ဇလပ်ပန်းများပွင့်သော အချိန်တွင် ချင်းပြည်နယ်သို့ လာရောက် လည်ပတ်ကြသူများမှ တောင်ဇလပ်ပွင့်များ ခူးယူခြင်း၊ အပင်လိုက် ခုတ်လှဲသယ်ယူခြင်း၊ ဒေသခံအချို့၏ ခုတ်ယူခြင်းများကြောင့် တောင်ဇလပ်ပန်းပင်များ လျော့နည်းလာကြောင်း ချင်းလူမျိုး ဒေသခံဆလိုင်းမာန်ဟုန်းက ဆိုသည်။

“တောင်ဇလပ်ဆိုတာ ရှားပါးပင်လို့လည်း ပြောလို့ရသလို ချင်းလူမျိုးတွေရဲ့ အထိမ်းအမှတ်ပန်းဖြစ်တယ်။ တောင်ဇလပ်က တခြားအပင်တွေ ထင်းရှူးပင်တွေ ချယ်ရီပင်တွေထက် ပိုပြီးစိုက်ရခက်တယ်။ စိုက်ရင်လည်း ရှင်သန်ဖို့ခက်တယ်။ သူ့ဘာသာ သဘာဝပေါက်ပင် အလေ့ကျ ပေါက်တာကမှ ရှင်သန်နိုင်တာ။ ပြီးတော့ တောင်ဇလပ်ပန်း တွေကနေပဲ ဝတ်မှုန်ကူးပြီး သဘာဝအလေ့ကျ ပြန်ပေါက်တာဆိုတော့ လာလည်တဲ့ ဧည့်သည်တွေက ခူးကြတယ်။ ပြီးတော့ ဒေသခံ တချို့ကလည်း တောင်ဇလပ် အပွင့်တွေနဲ့ ဝိုင်လုပ်လာကြတော့ ဒီနှစ်ခုကြောင့် သဘာဝမှာ ပြန်ပြီးအလေ့ကျပေါက်ဖို့ ခက်ခဲသွားတယ်။ ဥပမာ ခေါနူးစုမ်တောင်ဆိုရင် အရမ်းသိသာသွားတယ်။ အရင်က ဒီလိုအချိန်မှာဆိုရင် တစ်တောင်လုံး နီရဲနေအောင် ပွင့်ပေမယ့် အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ ဒါကြောင့် တောင်ဇလပ်တွေကို မခုတ်ဖို့ မခူးဖို့ ပြည်နယ် အစိုးရ အနေနဲ့ တင်းတင်းကျပ်ကျပ် သတိပေး တားမြစ်တာတွေ လုပ်သင့်ပြီ” ဟု ချင်းလူမျိုး ဒေသခံ ဆလိုင်းမာန်ဟုန်းက ပြောကြားသည်။

ချင်းပြည်နယ်မြောက်ပိုင်းတွင် လေသာတောင်တန်းနှင့် ကနေဒီတောင်တန်း အနီးတစ်ဝိုက်တွင်သာ တောင်ဇလပ်ပင်များ ပေါများစွာ ကျန်ရှိပြီး ထိုနေရာသို့ သွားရောက် လည်ပတ်သူများက ခူးယူမှုများ၊ အပင်လိုက်ခုတ်လှဲ သယ်ယူနေမှုများ ရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် တောင်ဇလပ်များကို ချင်းပြည်နယ်တွင်သာ တွေ့ရှိရသည်။ တောင်ဇလပ်ပန်းသည် ချင်းပြည်နယ်၏ အထိမ်းအမှတ် သင်္ကေတ တစ်ခုဖြစ်ပြီး ဒီဇင်ဘာလမှ ဖေဖော်ဝါရီလကုန်အထိပွင့်ကာ ချင်းလူမျိုးတို့၏ အမျိုးသားပန်းအဖြစ် သတ်မှတ်ထားသည်။