ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရေး ဆိုင်းငံ့ကာလနှင့် CI ပြုလုပ်ရန် သတ်မှတ်ကာလမှာ ဒီဇင်ဘာ ၃၁ ရက်တွင် ပြီးဆုံးမည် ဖြစ်သော်လည်း CI စာအုပ် ပြုလုပ်ဆဲသူများအား အချိန်ခြောက်လ တိုးပေးထားကြောင်း သိရ

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရေး ဆိုင်းငံ့ကာလနှင့် CI ပြုလုပ်ရန် သတ်မှတ်ကာလမှာ ဒီဇင်ဘာ ၃၁ ရက်တွင် ပြီးဆုံးမည် ဖြစ်သော်လည်း CI စာအုပ် ပြုလုပ်ဆဲသူများအား အချိန်ခြောက်လ တိုးပေးထားကြောင်း သိရ
Published 27 December 2017

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အထောက်အထား ပြုလုပ်ရန် ဖမ်းဆီးရေး ဆိုင်းငံ့ကာလနှင့် CI ပြုလုပ်ရန် သတ်မှတ်ကာလမှာ ဒီဇင်ဘာ ၃၁ ရက်တွင် ပြီးဆုံးမည် ဖြစ်သော်လည်း CI စာအုပ် ပြုလုပ်ဆဲသူများအတွက် အချိန်ခြောက်လ တိုးပေးထားကြောင်း သိရသည်။

“ထိုင်းရောက် အထောက်အထားမဲ့ အလုပ်သမားတွေကို အထောက်အထား ပြုလုပ်ရန် ဖမ်းဆီးရေး ဆိုင်းငံ့ကာလ ခြောက်လဟာ အခု ဒီဇင်ဘာလကုန်မှာ အချိန်ပြည့်ပြီ ဖြစ်ပေမယ့် CI (မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက်) စာအုပ်လုပ်ဖို့ ကျန်ရှိနေတဲ့ အလုပ်သမားတွေအတွက် အချိန်ခြောက်လကို ထိုင်းအစိုးရက ထပ်မံတိုးပေး လိုက်ပါတယ်။ ဒီလို တိုးပေးလိုက်တဲ့ အချိန်ခြောက်လဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး CI စာအုပ် ဆက်လုပ်နေတဲ့ CI လုပ်ငန်း မပြီးပြတ်သေးတဲ့  အလုပ်သမားတွေ အတွက်သာ ဖြစ်တယ်လို့ သိရပါတယ်” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်ပြီး မည်သည့် အထောက်အထားမှလည်း မရှိ၊ CI စာအုပ်လည်း မလုပ်သည့် အလုပ်သမားများအား ဒီဇင်ဘာလကုန်လျှင် ပြစ်ဒဏ်ဆိုင်းငံ့ကာလ ကုန်ဆုံးပြီ ဖြစ်သည့်အတွက် ထိုင်းအစိုးရက အသစ်ပြဋ္ဌာန်းထားသော နိုင်ငံခြားသား အလုပ်သမား ဥပဒေအတိုင်း ဖမ်းဆီးပြစ်ဒဏ် ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

“CI စာအုပ် လျှောက်ထားဆဲတွေသာ ဆက်လက်နေထိုင်ခွင့်ရှိပြီး နောက်ထပ်အသစ်လျှောက်မယ် ဆိုရင်ကော ဆက်လက်နေထိုင်ခွင့် မရဘူးဆိုတဲ့ သဘောပါပဲ အမှန်က အခုကတည်းက CI စာအုပ်ကို မြန်မြန်လျှောက်ကြဖို့ တပ်လှန့်တာလည်း ပါတယ်လေ၊ အထောက်အထားမဲ့ကနေ လူသစ်ဘ၀ ရောက်ရသူတွေက ဒီဇင်ဘာလမှာ CI လျှောက်ထားခွင့် ကုန်မယ်။ ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့လူ ဟောင်းတွေက၂၀၁၈ ခုနှစ် မတ်လကုန်အထိ နေထိုင်လုပ်ကိုင်ခွင့် ရှိပါတယ်” ဟု ဦးမိုးကြိုးက ဖြည့်စွက်ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေပြီး အထောက်အထား မပြည့်စုံသူ၊ ပတ်စပို့သက်တမ်းကုန်ခါနီး ပတ်စပို့စာအုပ်လုပ်ရန် အခက်အခဲ ရှိသူများကို သတ်မှတ်ကာလအတွင်း CI စာအုပ်များ ပြုလုပ်ပေးနိုင်ရန်လည်း ထိုင်းအလုပ်သမား ဝန်ကြီးက မှာကြားထားသည်ဟု ဆိုသည်။

“ပန်းရောင်ဘတ်၊ ပတ်စပို့ (အနီ)နှင့် (ခရမ်းရောင်) ကိုင်ဆောင်ထားသူတွေက ပတ်စပို့စာအုပ် ပြန်လုပ်ဖို့ အခက်အခဲ ရှိတဲ့အတွက် သက်တမ်းမကုန်သေးတဲ့ သူတွေပဲ (သက်တမ်းမကုန်မီ) CI လုပ်ရမှာ ဖြစ်ပါတယ်။ ပတ်စပို့အသစ် ပြန်လျှောက်ရင် အချိန်ကုန်တာရယ် နောက်ပြီး ပတ်စပို့ လျှောက်တဲ့အခါ လိုအပ်တဲ့ အထောက်ထားတွေ မပြည့်စုံကြတာရယ်။ အလုပ်သမား အများစုမှာ အိမ်ထောင်စုစာရင်း မရှိသူတွေ မှတ်ပုံတင် မရှိသူတွေ များပါတယ်” ဟု မြန်မာ့အလုပ်သမားများ အရေးကို ကူညီဆောင်ရွက်ပေးနေသူ  ကိုစိုးလင်းအောင်က ပြောကြားသည်။