ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP မှ ရဲဘော်များနှင့် တပ်မတော်သားများ ပဋိပက္ခဖြစ်ပွားရာမှ KNPP ရဲဘော်လေးဦး သေဆုံးပြီး ရွာသားတစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP မှ ရဲဘော်များနှင့် တပ်မတော်သားများ ပဋိပက္ခဖြစ်ပွားရာမှ KNPP ရဲဘော်လေးဦး သေဆုံးပြီး ရွာသားတစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်
Published 26 December 2017

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှရဲဘော်များနှင့် တပ်မတော်သားများ ပဋိပက္ခဖြစ်ပွားရာမှ (KNPP) ရဲဘော် လေးဦးသေဆုံးပြီး ရွာသားတစ်ဦး ပျောက်ဆုံးနေမှုအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချကြောင်း ကို ဒီဇင်ဘာ ၂၄ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဒီဇင်ဘာ ၂၀ ရက်က လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနှင့် ဒေါတစ်ခြားကျေးရွာအကြား ခုနစ်မိုင်ရှိ ကင်းစခန်းတွင် စစ်ဆေးရေးနှင့် လုံခြုံရေးတာဝန်ယူနေသော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီဝင် ရဲဘော် လေးဦးနှင့် ရွာသား တစ်ဦး (ပျောက်ဆုံးနေဆဲ) တို့အား လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစ လက်အောက်ခံတပ် ခလရ (၅၄) တပ်ဖွဲ့မှ မတရားဖမ်းဆီးပြီး ဥပဒေမဲ့ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်း အပေါ် ဗ.က.သ များအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါလုပ်ရပ်သည် ဗမာပြည်၏ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာတွင် မြန်မာ့စစ်တပ်မှ ငြိမ်းချမ်းရေးကို မလိုလားကြောင်း ဖော်ပြသည့် လုပ်ရပ်တစ်ခုဖြစ်ခြင်း၊ တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်မှ ထိုးစစ်ထိုးခြင်း၊ လူသတ်ခြင်း၊ အနိုင်အထက်ပြုခြင်း စသည့်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပြီး ထိုလုပ်ရပ်အပေါ် နှုတ်ဆိတ်နေသည့် NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ်တွင် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ယူဆကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်ကလည်း လွိုင်ကော်မြို့တွင် ကျောင်းသားသမဂ္ဂများ အပါအဝင် အရပ်ဘက်လူ့ အဖွဲ့အစည်းများက မြို့တွင်း တစ်လျှောက် လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရပြီး အဖြစ်မှန်အား ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။