ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပသည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအဖြစ် တက်ရောက်ရန် မြန်မာ့တပ်မတော်အား ဖိတ်ကြားထား

ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပသည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအဖြစ် တက်ရောက်ရန် မြန်မာ့တပ်မတော်အား ဖိတ်ကြားထား
Published 26 December 2017

အမေရိကန်နှင့် ထိုင်းတို့ကဦးဆောင်၍ ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပသည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအဖြစ် တက်ရောက်ရန် မြန်မာ့တပ်မတော်အား ဖိတ်ကြားထားကြောင်း Reuters သတင်းဌာန၏ ဖော်ပြမှုအရ သိရသည်။

နှစ်စဉ်ပြုလုပ်နေကျ Cobra Gold စစ်ရေးလေ့ကျင့်မှုကို လာမည့်နှစ်တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်ကို တက်ရောက်ရန်အတွက် ထိုင်းနိုင်ငံက ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ခရစ္စတိုဖာလိုဂန်က Reuters ကိုပြောကြားခဲ့သည်။

အဆိုပါ Cobra Gold စစ်ရေးလေ့ကျင့်မှုသည် အာရှ-ပစိဖိတ် စစ်ရေးလေ့ကျင့်မှုများအနက် အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုတစ်ရပ်ဖြစ်ပြီး အမေရိကန်နှင့် ထိုင်းတို့မှ စစ်သားထောင်ချီပါဝင်ကာ အခြားအာရှနိုင်ငံများမှလည်းပါဝင်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်အနေဖြင့် ယခုစစ်ရေးလေ့ကျင့်မှုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအပိုင်းများတွင် လေ့လာရန်ဖိတ်ကြားခံရခြင်းဖြစ်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး ခရစ္စတိုဖာလိုဂန်က ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်အနေဖြင့် ယခုဖိတ်ကြားမှုကို လက်ခံခြင်းရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ထိုင်းနိုင်ငံအနေဖြင့်မူ Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာ့တပ်မတော်ပူးပေါင်းပါဝင်လာရန် စိတ်အားထက်သန်နေကြောင်း တော်ဝင်ထိုင်းတပ်မတော်၏ ပူးတွဲစစ်ထောက်ချုပ်ရုံးမှ ထိပ်တန်းအရာရှိတစ်ဦးက Reuters ကိုပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များကို နှိမ်နင်းမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေချိန်တွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်ကို ဖိတ်ကြားမှုပြုလုပ်ရခြင်းနှင့် ပတ်သက်၍ Reuters ၏မေးမြန်းမှုကိုလည်း အဆိုပါ ထိုင်းတပ်မတော်ထိပ်တန်းအရာရှိက “အခုကိစ္စမှာ ဘယ်တော့မှထည့်သွင်းဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ ဘင်္ဂါလီအရေး (မူရင်းသတင်းတွင် ရိုဟင်ဂျာဟုသုံးထား) ကို ကျွန်တော်တို့အနေနဲ့ သပ်သပ်စီခွဲခြားထားပါတယ်။ သင်ကြားရေး၊ လေ့ကျင့်ရေးနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကိုပဲ ကျွန်တော်တို့အာရုံစိုက်ထားပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို ပူးပေါင်းပါဝင်စေချင်တာပါ” ဟုပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဘင်္ဂါလီအရေးသည် နိုင်ငံရေးကိစ္စဖြစ်ပြီး ၎င်းတို့သည် စစ်သားများဖြစ်ကြောင်းနှင့် ယခုပြုလုပ်မှုသည်လည်း စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း Reuters သတင်းတွင် ဖော်ပြထားသည်။ Reuters သတင်းဌာနသို့ ပြောကြားခဲ့သည့် အဆိုပါ တော်ဝင်ထိုင်းတပ်မတော်၏ ထိပ်တန်းအရာရှိသည် မီဒီယာများသို့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်သောကြောင့် ၎င်း၏အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်ကို Reuters သတင်းဌာနဘက်က အကြိမ်ကြိမ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာပြောကြားခြင်းမရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အပေါ် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချမှုများရှိနေခြင်းကြောင့် ထိုင်းနိုင်ငံဘက်က ဖိတ်ကြားမှုအပေါ် အမေရိကန်စစ်တပ်ဘက်က ဖိအားပေးခဲ့ခြင်းရှိ၊ မရှိ မေးမြန်းမှုကို ပင်တဂွန်စစ်ဌာနချုပ်က မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

၁၉၈၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုသည် စတင်ပြုလုပ်ချိန်တွင် ထိုင်းနှင့် အမေရိကန်စစ်တပ် နှစ်ခုတည်းသာ ပူးပေါင်းလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကာ ၂၀၁၆ ခုနှစ်မှစတင်၍ နိုင်ငံပေါင်း ၃၅ နိုင်ငံအထိ ပါဝင်လာခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်အနေဖြင့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို လေ့လာသူအဖြစ် ၂၀၁၃ ခုနှစ်မှစတင်တက်ရောက်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် နိုင်ငံ ၂၉ နိုင်ငံပါဝင်သော ၂၀၁၇ Cobra Gold စစ်ရေးလေ့ကျင့်မှုကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်တပ်မတော်သည်လည်း Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလေ့ကျင့်မှုအပိုင်းတွင် ၂၀၁၅ ခုနှစ်မှစတင်၍ တက်ရောက်ခဲ့သည်။

၂၀၁၈ Cobra Gold စစ်ရေးလေ့ကျင့်မှုကိုလည်း လာမည့်နှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။