၂၂၅ မဂ္ဂါဝပ်ထွက်ရှိမည့် မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်နေပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဓာတ်အားပုံမှန်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေ

၂၂၅ မဂ္ဂါဝပ်ထွက်ရှိမည့် မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်နေပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဓာတ်အားပုံမှန်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေ
Published 26 December 2017

မန္တလေးတိုင်းဒေသကြီး မြင်းခြံဒေသတွင် ဆောင်ရွက်လျက်ရှိသော ၂၂၅ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို စမ်းသပ်မောင်းနှင်နေပြီး လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ဓာတ်အားပုံမှန်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဓာတ်အားပေးစက်ရုံစီမံကိန်းမှာ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် သံမဏိစက်ရုံဝင်းအတွင်းတည်ရှိပြီး ၇၁ ဒသမ ၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့စက် (Gas Turbine) နှစ်လုံး၊ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ ၈၂ မဂ္ဂါဝပ်တစ်လုံးတို့ပါဝင်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ်မတ်လမှ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါစီမံကိန်းအတွက် လိုအပ်သောသဘာဝဓာတ်ငွေ့ကို ရွှေကမ်းလွန်မှ ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ပြီး စက်ရုံမှထွက်ရှိလာမည့် ဓာတ်အားများကို မြင်းခြံ (သံမဏိ) ပင်မဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားစနစ်ကွန်ရက်အတွင်းသို့ ပို့လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပထမအဆင့်အနေဖြင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်နှစ်လုံးကို စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး အဆိုပါစက်ရုံမှဓာတ်အားများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ပုံမှန်ထုတ်လုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါစီမံကိန်းအား Sembcrop Myingyan Power Company Limited မှ IPP/BOT စနစ်ဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် ပြီးစီးမည့် အခြားသောလျှပ်စစ်စီမံကိန်းများတွင် မဂ္ဂါဝပ် ၁၂၀ ထွက်ရှိမည့် သထုံဓာတ်အားပေးစက်ရုံနှင့် ၁၀၆ မဂ္ဂါဝပ်ထွက်ရှိမည့် သာကေတဓာတ်အားပေးစက်ရုံတို့ပါဝင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။