ဟင်္သာတ-ဇလွန် ကားလမ်းနံဘေး၌ ရေမြောင်းထဲထိုးကျ တိမ်းမှောက်ခဲ့သည့် ယာဉ်နှစ်စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ဟင်္သာတ-ဇလွန် ကားလမ်းနံဘေး၌ ရေမြောင်းထဲထိုးကျ တိမ်းမှောက်ခဲ့သည့် ယာဉ်နှစ်စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
Published 8 August 2017

ဟင်္သာတ-ဇလွန် ကားလမ်းနံဘေး၌ ရေမြောင်းထဲထိုးကျ တိမ်းမှောက်ခဲ့သည့် ယာဉ်နှစ်စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ် ၇ ရက် နံနက်ပိုင်းက ဒေါင့်ကြီးကွေ့အလွန်၌ အိမ်စီးကားတစ်စီး၊ လှည်းလမ်းတက် မူလတန်းကျောင်းအနီး၌ ခြောက်ဘီးကားတစ်စီး လမ်းဘေးထိုးကျမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုသို့တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“အိမ်စီးကား လမ်းဘေးထိုးကျတဲ့ဖြစ်စဉ်ကတော့ ဒေါင့်ကြီးကွေ့အလွန် ဒေါင်းစုအလွန်လေးနားမှာဖြစ်တာပါ။ ကားရှေ့ပိုင်းနားမှာ မီးလောင်ထားတာလည်း တွေ့တယ်။ ကားပေါ်မှာ ကျွန်းတံခါးဆိုက်စုံ တင်လာတာ တွေ့ရတယ်။ လှည်းလမ်းတက်ဘက်မှာလည်း သစ်တင်လာတဲ့ ခြောက်ဘီးကားတစ်စီး လမ်းဘေးထိုးကျမှု ဖြစ်ခဲ့ပါတယ်။ အဲဒီကားပေါ်မှာလည်း ပျဉ်းကတိုးသားတွေ ပါလာတာ တွေ့ရပါတယ်။ သစ်တောအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ဆေးထားပါတယ်။ တရားဥပဒေနဲ့အညီ ကျွန်တော်တို့ ဆက်လက်အရေးယူနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်” ဟု ဒူးယားနယ်မြေ ရဲစခန်းမှူး ရဲအုပ်အောင်စိန်ညွန့်က ဆိုသည်။

ယာဉ်တိမ်းမှောက်မှုအား တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ဒေါင့်ကြီးကွေ့အလွန်၌ တိမ်းမှောက်ခဲ့သည့် အိမ်စီးကားပေါ်တွင် ကျွန်းတံခါးဘောင်များ တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး လှည်းလမ်းတက် မူလတန်းကျောင်းအနီး တိမ်းမှောက်ခဲ့သည့် ခြောက်ဘီးကားပေါ်၌လည်း ပျဉ်းကတိုးသစ်များကို လမ်းခင်းကျောက်များဖြင့် ဖုံးအုပ်တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

Writer : အောင်ကျော်မျိုး

Most Read

Most Recent