အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ မူလတန်းပညာသင်ယူနေသော ကျောင်းသားကျောင်းသူများအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်စေရန် ဆောင်ရွက်မည်

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ မူလတန်းပညာသင်ယူနေသော ကျောင်းသားကျောင်းသူများအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်စေရန် ဆောင်ရွက်မည်
Published 22 December 2017

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆင်းလာမှုမြင်ကွင်း

ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း  (၂၀၁၆-၂၀၂၁)အရ မူလတန်းပညာ သင်ယူနေသော ကျောင်းသားကျောင်းသူများအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်အထိအား အခမဲ့ပညာရေးစနစ်များကို ဆောင်ရွက်ခဲ့ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များ၊ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များကို ထောက်ပံ့ပေးခဲ့ခြင်းတို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ အခြေခံပညာ ကဏ္ဍ၊ အစိုးရအခြေခံပညာ ကျောင်းများတွင် ၂၀၀၇-၂၀၀၈ပညာသင်နှစ်၌ ကျောင်းသား ကျောင်းသူ ၇ ဒသမ ၈ သန်း၊၂၀၁၁-၂၀၁၂ ပညာသင်နှစ်၌ ကျောင်းသားကျောင်းသူ ရှစ်သန်း၊ ၂၀၁၇-၂၀၁၈ပညာ သင်နှစ်၌ ကျောင်းသား ကျောင်းသူ ၉ ဒသမ ၂ သန်းထိ တိုးတက်လာကြောင်း သိရသည်။

“အခြေခံပညာကဏ္ဍအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရ မူလတန်းပညာကို ကျောင်းသားကကျောင်းသူတိုင်း သင်ယူပြီးမြောက်စေဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုဆိုရင် ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း သီးခြားဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြတာရှိသလို မိတ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပက လူမှုရေးအဖွဲ့အစည်းတွေ၊ စေတနာရှင်တွေနဲ့ပူးပေါင်းပြီး ကျောင်းပြင်ပ ပညာရေးလှုပ်ရှားဆောင်ရွက်မှုတွေလည်း လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့်မဟာဗျူဟာ စီမံကိန်းအရ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်လာမှာပါ” ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခြေခံပညာကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှု အစီအစဉ်တစ်ရပ်အဖြစ် အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် ပညာရေးစနစ်ကို ပြောင်းလဲကျင့်သုံးရန်အတွက် သင်ရိုးညွှန်းတမ်းများကိုလည်း ပြုပြင်ပြောင်းလဲရေးဆွဲလျှက်ရှိပြီး အဆိုပါ သင်ရိုးညွှန်းတမ်းအသစ်များတွင် ယခင်က ဆရာဗဟိုပြုသင်ကြားနည်းအစား ကျောင်းသားဗဟိုပြုစနစ်ကို  သင်ကြားနည်း စနစ်ကို ဦးတည်ရေးဆွဲလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် အခြေခံပညာကဏ္ဍမှနှင့် အဆင့်မြင့် ပညာကဏ္ဍတို့မှ ပညာရေးမိသားစုများနှင့် တွေ့ဆုံပွဲ၌ အရည်အသွေးပြည့်ဝသော ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် ဆရာကျောင်းသား အချိုးမျှတရေး၊ ကျောင်းဆောင်များနှင့် စာသင်ခုံများ၊ သန့်စင်ခန်းများကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျောင်းများ၏ လိုအပ်ချက်၊ သန့်ရှင်းသောရေ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်များ ဖြည့်ဆည်းပေးရေး၊ သိပ္ပံခန်း၊ အားကစား၊ ပန်းချီ၊ ဂီတ၊ အနုပညာ စသည်တို့ကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေးအတွက် ပညာရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။