မြို့နယ် ၈၂ ခုတွင် 4G ကွန်ရက်ဖြန့်ကြက်ထားနိုင်ပြီး အသံအရည်အသွေးကိုပါ 4G ဖြင့် သုံးစွဲနိုင်ရန် လုပ်ဆောင်နေကြောင်း MPT ဆို

မြို့နယ် ၈၂ ခုတွင် 4G ကွန်ရက်ဖြန့်ကြက်ထားနိုင်ပြီး အသံအရည်အသွေးကိုပါ 4G ဖြင့် သုံးစွဲနိုင်ရန် လုပ်ဆောင်နေကြောင်း MPT ဆို
Published 22 December 2017

MPT က Carrier Aggregation နည်းပညာသစ်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၁ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

MPT အနေဖြင့် ၂၀၁၇ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၈၂ ခုတွင် 4G/ LTE ကွန်ရက်ဖြန့်ကြက်ထားနိုင်ပြီး ဒေတာမြန်နှုန်းသာမက အသံအရည်အသွေးကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ အသံဝန်ဆောင်မှုကိုပါ 4G ကွန်ရက်ဖြင့် သုံးစွဲနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ဒီဇင်ဘာ ၂၁ ရက်က Park Royalဟိုတယ်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ MPT က ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် အနာဂတ်၌ ပြောင်းလဲလာမည့် တယ်လီဖုန်းခေါ်ဆိုမှု အရည်အသွေးများကို လက်တွေ့သရုပ်ပြခဲ့ပြီး Voice Over LTE (VoLTE) ဟု ခေါ်သော နည်းပညာမှာ ပိုမိုကြည်လင်ပြတ်သားသည့် အသံခေါ်ဆိုမှုများနှင့် နောက်ခံဆူညံသံနည်းပါးသော ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

MPT က Carrier Aggregation ဟုခေါ်သည့် နည်းပညာသစ်ကို အသုံးပြုမှုမှတစ်ဆင့် ရန်ကုန်မြို့ပေါ်ရှိ သုံးစွဲသူများအတွက် အွန်လိုင်းသုံးစွဲမှု အတွေ့အကြုံများကို  တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခု အဆင့်မြှင့်တင်ထားမှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်မြို့ရှိ Junction Mawtin၊ Junction Square နှင့် တော်ဝင်စင်တာ စသည့်ဈေးဝယ်စင်တာများတွင် ကနဦးစတင်သွားမည်ဖြစ်ကြောင်း သိရသည်။

MPT အနေဖြင့် 4G/ LTE ကွန်ရက်ကို ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လတွင် မြို့နယ်ပေါင်း ၁၃၀ ကျော်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် မြို့နယ်ပေါင်း ၂၈၀ အထိ 4G ကွန်ရက်လွှမ်းခြုံနိုင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အခုဆိုရင် MPT ရဲ့ နည်းပညာသစ်အရ ဈေးဝယ်စင်တာတချို့မှာ တစ်စက္ကန့်ကို ၄၅၀ Mbps မြန်နှုန်းအထိ အမြင့်ဆုံးရရှိနိုင်အောင် ဆောင်ရွက်နေပါတယ်။ တစ်စက္ကန့်ကို ၈၀၀ Mbps အထိ ရရှိနိုင်အောင်လည်း စမ်းသပ်အောင်မြင်ထားပြီး ဖြစ်ပါတယ်။ MPT သုံးစွဲသူ စုစုပေါင်းထဲမှာ ၃ ဒသမ ၅ သန်းကတော့ 4G/ LTE သုံးစွဲသူတွေဖြစ်ပါတယ်” ဟု MPT မှတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

လက်ရှိတွင် MPT ၏ 4D/ LTE တွင် သုံးစွဲထားသည့် 4×4 MIMO နည်းပညာအရ အမြင့်ဆုံးမြန်နှုန်း ၃၀၀ Mbps အထိရရှိနိုင်ကြောင်း သိရသည်။

3G ကွန်ရက်မှ 4G ကွန်ရက်သို့ ပြောင်းလဲပြီးနောက်ပိုင်းတွင် ဒေတာသုံးစွဲမှုများမှာ သုံးဆခွဲမြင့်တက်ခဲ့ကြောင်း MPT က ပြောကြားသည်။ ပြီးခဲ့သောနှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါကလည်း တစ်နှစ်အတွင်း ဒေတာသုံး စွဲမှုပမာဏမှာ နှစ်ဆခွဲ မြင့်တက်ခဲ့ကြောင်း MPT ၏ အချက်အလက်များအရ သိရသည်။

MPT အနေဖြင့် ၂၀၁၄ ခုနှစ်တွင် 2G၊ 3G များဖြင့် ဝန်ဆောင်မှုပေးခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် 4×4 MIMO နည်းပညာသစ်ကို စတင်မိတ်ဆက်ခဲ့သည်။