ကရင်အမျိုးသားများ အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သတ္တိရှိပြီး ရဲရင့်စွာ ပူးပေါင်းပါဝင် လျှောက်လှမ်းနေသည်ကို ဝမ်းမြောက်ဂုဏ်ယူစွာ တွေ့မြင်ရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ကရင်အမျိုးသားများ အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သတ္တိရှိပြီး ရဲရင့်စွာ ပူးပေါင်းပါဝင် လျှောက်လှမ်းနေသည်ကို ဝမ်းမြောက်ဂုဏ်ယူစွာ တွေ့မြင်ရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 19 December 2017

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ တွင်ပြုလုပ်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ကရင်အမျိုးသားများ အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သတ္တိိရှိပြီး ရဲရင့်စွာ ပူးပေါင်းပါဝင် လျှောက်လှမ်းနေသည်ကို ဝမ်းမြောက်ဂုဏ်ယူစွာ တွေ့မြင်ရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၁၈ ရက်က ကျရောက်သည့် ၂၀၁၇ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားအား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-2) တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပြည်ထောင်စုသား အားလုံးစည်းစည်းလုံးလုံးနဲ့ ဖွံ့ဖြိုးသာယာတဲ့ တိုင်းပြည်ကြီးမှာ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ကြဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ တက်ကြွစွာ ဆောင်ရွက်နိုင်ဖို့ တွန်းအားတွေ ဖြစ်ရပါမယ်။ ယနေ့အချိန်အခါမှာ ကရင်တိုင်းရင်းသားတွေ အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ ပူးပေါင်းပါဝင် လျှောက်လှမ်းနေတာကိုလည်း ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ တွေ့မြင်ကြရပါတယ်။ အဲဒီအတွက်လည်း ကရင်ခေါင်းဆောင်ကြီးများ၊ ကရင်တိုင်းရင်းသားများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များအားလုံးကို ပြည်ထောင်စုကြီးရဲ့ ကိုယ်စားကျေးဇူးအထူးပင် တင်ရှိပါကြောင်း ဒီကနေ့ အခွင့်အခါမှာ အခိုင်အမာ ပြောလိုပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “ဒီကနေ့ကာလမှာ ကျွန်မတို့ ပြည်ထောင်စုကြီးမှာ မှီတင်နေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူ အားလုံးမှာ ခက်ခဲကြမ်းတမ်းတဲ့နိုင်ငံရေး၊ စီးပွားရေးအစရှိတဲ့ စိန်ခေါ်မှုတွေကို လက်ချင်းတွဲပြီး ကျော်လွှားအောင်မြင်နိုင်ဖို့ ရင်ဆိုင်နေရတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ ဘယ်လို အခက်အခဲ၊ ဘယ်လိုစိန်ခေါ်မှုမျိုးမဆို ရင်ဆိုင်ကျော်လွှားရာမှာ ကျွန်မတို့ ပြည်သူတွေ၊ ကျွန်မတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေရဲ့ အင်အားဟာ စည်းလုံးမှုတွေနဲ့ အစဉ်အမြဲအောင် မြင်ရမယ်လို့ အစဉ်အမြဲ ယုံကြည်ခံယူထားပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ အတိတ်သမိုင်း တစ်လျှောက်လုံးပြန်ကြည့်လိုက်ရင် ခက်ခဲကြမ်းတမ်းတဲ့အခြေအနေကို ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဖြတ်သန်းကျော်လွှားနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကောင်းတွေကို တွေ့နိုင်ပါတယ်။ တချို့ မငြိမ်းချမ်းသေးတဲ့ ဒေသတွေဆီက ပြည်သူတွေဟာဝမ်းသာအားရ အားကျစွာနဲ့ ငေးမျှော်ကြည့်ခြင်းကို ခံယူနေရပါပြီ။ ကရင်ပြည်နယ်နဲ့ ကရင်တိုင်းရင်းသားတွေအတွက်သာမက ကမ္ဘာတစ်လွှမ်းကိုအကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ ကရင်တိုင်းရင်းသားတွေ အားလုံးအတွက် ကရင့်မျှော်လင့်ချက်တွေဟာလည်း ပိုမိုလင်းလက် တောက်ပလာပြီ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကရင်တိုင်းရင်းသားများသည် ရိုးသားကာ သစ္စာရှိပြီး ရှင်းလင်းပြတ်သားစွာ လုပ်ကိုင်တတ်ကြသည့် ဘိုးဘွားဘီဘင်များ၏ လက်ဆင့်ကမ်းအမွေအား ထိန်းသိမ်းလာခဲ့ပြီး ဖြတ်သန်းလာသည့် သမိုင်းကြောင်း၊ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ကောင်းမွန်သည့် ဓလေ့ထုံးတမ်း အစဉ်အလာများအား သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် ကြိုးစားသွားကြမည်ကို ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ငြိမ်းချမ်းရေးခရီးလမ်းကို ဖြတ်သန်း လျှောက်လှမ်းကြရာမှာလည်း ကရင်မော်ဒယ်ဆိုပြီး ပြောစမှတ်တွင်ရအောင် လက်တွေ့ကျကျ ဦးဆောင်ပြသခဲ့တာတွေလည်း အထင်အရှားပဲ ဖြစ်ပါတယ်။ အခုဆိုရင်ကရင်ပြည်နယ် ဒေါနတောင်တန်းမြေမှာ အောင်ပွဲခံတဲ့ ဖားစည်သံတွေ လွင့်ပျံနေပါပြီ။ သေနတ်တွေ တိတ်ဆိတ်ပြီး ငြိမ်းချမ်းရေးခရီးရဲ့မေတ္တာ တေးသံတွေ၊ စာသင်ကျောင်းက စာအံသံတွေနဲ့ ခေါင်းလောင်းသံတွေ လွင့်ပျံနေပါပြီ။ ကရင်တိုင်းရင်းသားတွေရဲ့ ကရင်မြေမှာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ တဖြည်းဖြည်းချင်း ဝေဆာလာခဲ့ပါပြီ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Most Read

Most Recent