မုံရွာမြို့တွင် အရက်သေစာ သောက်စားမူးယစ်ပြီး တက္ကသိုလ်ကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

မုံရွာမြို့တွင် အရက်သေစာ သောက်စားမူးယစ်ပြီး တက္ကသိုလ်ကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Published 17 December 2017

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ မြဝတီရပ်ကွက်တွင် ဒီဇင်ဘာ ၁၅ ရက်ညက အရက်သေစာ သောက်စားမူးယစ်ပြီး တက္ကသိုလ်ကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်း၏ မှတ်တမ်းများအရ  သိရသည်။

မြဝတီရပ်ကွက် သစ္စာလမ်းသွယ် (၁၆) ရှိ မေတ္တာဘော်ဒါဆောင်၌ ငှားရမ်းနေထိုင်သော မုံရွာတက္ကသိုလ်၌ ကျောင်းတက်နေသော ကျောင်းသားများဖြစ်ကြသော မင်းခန့် (၂၂ နှစ်)၊ ဒုတိယနှစ် (ပထဝီ)၊ မင်းကင်းမြို့နယ် ကျွန်းတော်ရွာ၊ နိုင်ရဲအောင် (၁၉ နှစ်)၊ တတိယနှစ် (သမိုင်း)၊ မင်းကင်းမြို့နယ် ကျွန်းတော်ရွာ၊ သန့်ဇင်ဝင်း(၂၁ နှစ်)၊ စတုတ္ထနှစ် (အင်္ဂလိပ်)ကနီမြို့နယ် ဆူးလေကုန်းကျေးရွာ သုံးဦးတို့ သည် အပြင်မှအဆောင်သို့ အရက်ဝယ်လာပြီး အဆောင်၌ သောက်နေစဉ် ကျော်ဖြိုးလှိုင် (၁၈ နှစ်)၊ ဒုတိယနှစ် (သမိုင်း) မင်းကင်းမြို့နယ် ကျွန်းတော်ရွာနေသူမှ အရက်သောက်စား၍ မဆူကြရန်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မင်းခန့်ပါ သုံးဦးနှင့် စကားများ ရန်ဖြစ်ရာ အဆောင်အတူနေ တင်မိုးေ၀ (၁၈ နှစ်)၊ တတိယနှစ် (ရူပဗေဒ)၊ မင်းကင်းမြို့နယ် စနက်ဗြင်းကျေးရွာနေသူက ဝင်ရောက်ဖျန်ဖြေသော်လည်း မရရှိသဖြင့် မင်းခန့်က ၎င်းပါလာသော အရိုးအသွား ကိုးလက်မခန့် ရှိ စတီးဓားဖြင့် ကျော်ဖြိုးလှိုင်၏ ဝဲဘက်လည်ပင်းနှင့် ညှပ်ရိုးကြားတွင် ထိုးသွင်းခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်း၏ မှတ်တမ်းများအရ ဆက်လက်သိရသည်။

ဒဏ်ရာရရှိခဲ့သော ကျော်ဖြိုးလှိုင်သည် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူစဉ် ည ၉ နာရီကျော်တွင် ဆေးရုံ၌ အဆိုပါ ဓားဒဏ်ရာများဖြင့်  သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆောင်ပိုင်ရှင် ဒေါ်လှရင်၏ တရားလိုပြုလုပ် တိုင်ကြားမှုကြောင့် မုံရွာနယ်မြေ ရဲစခန်းမှ (ပ) ၇၆၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ မရ မင်းခန့်ပါ သုံးဦးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။