မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အဂတိလိုက်စားမှုအညွှန်းကိန်းအဆင့် ၁၃၆ အထိ တိုးတက်ရောက်ရှိခဲ့သော်လည်း အဆင့်ပိုမိုကောင်းမွန်ရေး ဆက်လက်ကြိုးပမ်းရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အဂတိလိုက်စားမှုအညွှန်းကိန်းအဆင့် ၁၃၆ အထိ တိုးတက်ရောက်ရှိခဲ့သော်လည်း အဆင့်ပိုမိုကောင်းမွန်ရေး ဆက်လက်ကြိုးပမ်းရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 17 December 2017

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုအညွှန်းကိန်း (CPI Index) အဆင့် ၁၃၆ အထိ တိုးတက်ရောက်ရှိခဲ့သော်လည်း အဆင့်ပိုမိုကောင်းမွန်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအထိမ်းအမှတ်အခမ်းအနား၌ ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က နိုင်ငံတကာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့က ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု အညွှန်းကိန်း (CPI Index) အရ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၅၆ ရရှိခဲ့ရာမှ ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများကြောင့် ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၃၆ အထိ တိုးတက်ရောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း CPI အဆင့် ပိုမိုကောင်းမွန်ရေးအတွက် ဆက်လက်ကြိုးပမ်းကြရန် လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်ဟု ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကော်မရှင်၏ ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း၊ စီမံချက်တွင် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းတို့သာမက ပညာပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများအပါအဝင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက်ပါ ထည့်သွင်းရေးဆွဲထားကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမူဘောင်များကိုလည်း အားကောင်းလာစေရေးအတွက် ဥပဒေပြုအဖွဲ့အစည်းများသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်လက်တွဲ၍ မြန်မာနိုင်ငံရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံအဆောက်အအုံများအပေါ် လေ့လာဆန်းစစ်ခြင်း လုပ်ငန်းတစ်ရပ်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် United Nations Convention Against Corruption-UNCAC အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အဖွဲ့ ဝင်နိုင်ငံအဖြစ် အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် အဂတိလိုက်စားမှုအညွှန်းကိန်း၌ နိုင်ငံပေါင်း ၁၇၈ နိုင်ငံတွင် အဆင့် ၁၇၆၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၃ နိုင်ငံ၌ အဆင့် ၁၈၀၊ ၂၀၁၂ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၌ အဆင့် ၁၇၂၊ ၂၀၁၃ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၌ အဆင့် ၁၅၇၊ ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံ၌ အဆင့် ၁၅၆၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံ၌ အဆင့် ၁၄၇ နှင့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၌ အဆင့် ၁၃၆ ရှိကြောင်း သိရသည်။