တီဘီရောဂါတိုက်ဖျက်ရေးအတွက် သုံးနှစ်အတွင်း ဘတ်ဂျက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲမည်

တီဘီရောဂါတိုက်ဖျက်ရေးအတွက် သုံးနှစ်အတွင်း ဘတ်ဂျက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲမည်
Published 17 December 2017

တီဘီရောဂါတိုက်ဖျက်ရေးအတွက် သုံးနှစ်အတွင်း ဘတ်ဂျက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲမည်ဖြစ်ပြီး တီဘီရောဂါကို ၂၀၂၀ ပြည့်နှစ်အတွင်း ရာခိုင်နှုန်း ၄၀ အထိ လျှော့ချနိုင်ရေးနှင့် ဆေးယဉ်ပါးတီဘီရောဂါအား ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် မျှော်မှန်းထားကြောင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။

မြန်မာနိုင်ငံ၌ အမျိုးသားများသည် အမျိုးသမီးများထက် တီဘီရောဂါ ပိုမိုဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံသည် အာရှတွင် တီဘီရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးယဉ်ပါးတီဘီဝေဒနာရှင်များ မြင့်တက်လျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးတွင် တီဘီရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၄ သန်းရှိကာ ယင်းတို့အနက် တီဘီဝေဒနာရှင်လေးသိန်းမှာ အိပ်ချ်အိုင်ဗွီရှိသူများဖြစ်နေကြောင်း၊ လူဦးရေ ၁၉၀၀၀၀ မှာ ဆေးယဉ်ပါးတီဘီလူနာများဖြစ်ပြီး ကလေး ၁၄၀၀၀၀ သေဆုံးခဲ့ကြောင်း သိရသည်။

ဆေးယဉ်ပါးတီဘီလူနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြီး လူဦးရေထူထပ်ခြင်း၊ ရွှေ့ပြောင်းလုပ်သားများခြင်း၊ တီဘီလူနာများခြင်း၊ အိပ်ချ်အိုင်ဗွီကူးစက်မှုနှုန်းများခြင်းတို့ကြောင့် ရောဂါကူးစက်ပြန့်ပွားနှုန်း မြင့်မားနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ ဦးရေတစ်သိန်းလျှင် တီဘီလူနာသစ် ၃၇၀ ခန့်ရှိကြောင်း၊ လူနာဟောင်းများမှာ ဦးရေတစ်သိန်းလျှင် ၄၇၃ ဦးရှိပြီး သေဆုံးနှုန်းမှာ ဦးရေတစ်သိန်းလျှင် ၄၉ ဦးနှုန်း သေဆုံးလျက်ရှိကြောင်း၊ တီဘီရောဂါအဖြစ်အများဆုံးနိုင်ငံ ၃၀ တွင်ပါဝင်ပြီး တီဘီရောဂါဖြစ်ပွားမှုမှာ ကမ္ဘာ့ဖြစ်ပွားမှုနှုန်းထက် သုံးဆမြင့်ကာ အာရှတိုက်တွင် တီဘီဖြစ်ပွားမှုအများဆုံး နိုင်ငံများတွင်ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခန့်မှန်းတွက်ချက်မှုများအရ ဦးရေနှစ်သိန်းနီးပါးခန့် တီဘီရောဂါဖြစ်ပွားလျက်ရှိပြီး ယင်းတို့အနက် တီဘီရောဂါပိုးရှိသော်လည်း ဆေးကုသမှုခံယူခြင်းမရှိသည့် လူနာ ၂၆ ရာခိုင်နှုန်းခန့် (လူဦးရေ ၅၀၀၀၀ ကျော်) ရှိနေကြောင်း၊ ယင်းလူနာများမှာ ဆေးကုသသည့်နေရာများနှင့် လက်လှမ်းမမီခြင်း၊ နည်းအမျိုးမျိုးဖြင့် ပြင်ပတွင် ဆေးကုသနေခြင်း၊ ရောဂါရှိသည်ဟု သိရသော်လည်း ရောဂါပိုးရှာဖွေမတွေ့ရှိခြင်း စသည့်အကြောင်းရင်းများကြောင့်ဖြစ်ကြောင်း သိရသည်။

တီဘီလူနာများတွင် အိပ်ချ်အိုင်ဗွီပိုးတွေ့ရှိမှုနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ တီဘီလူနာသစ်များတွင် ဆေးယဉ်ပါးတီဘီဖြစ်ပွားမှုနှုန်းမှာ ငါးရာခိုင်နှုန်း၊ လူနာဟောင်းများတွင် ဖြစ်ပွားမှုနှုန်းမှာ ၂၇ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

တီဘီရောဂါသည် အသက်အန္တရာယ်ရှိပြီး ကူးစက်နိုင်ခြေမြင့်မားသည့် ရောဂါဖြစ်သော်လည်း ကုသ၍ရသည့်ရောဂါဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ကာ တီဘီရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကို ထက်ဝက်လျှော့ချရန် လုပ်ဆောင်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် တီဘီရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ်မှ ဖယ်ရှားနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဆေးယဉ်ပါးတီဘီ တိုက်ဖျက်ရေးလုပ်ငန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ် (လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ)၊ ကချင်၊ ကရင်၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တို့တွင် လုပ်ဆောင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်းက ဆေးယဉ်ပါးတီဘီဖြစ်နှုန်း အများဆုံးရှိနေသည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးကို ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

Most Read

Most Recent