ရွှေတိဂုံစေတီတော်၌ ကျင်းပမည့် ဂိုဏ်းပေါင်းစုံ သံဃာအပါး ၁၈၀၀၀ ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွင်း နိုင်ငံခြားသားခရီးသွားများ တက်ရောက်ခွင့် ယာယီတားမြစ်

ရွှေတိဂုံစေတီတော်၌ ကျင်းပမည့် ဂိုဏ်းပေါင်းစုံ သံဃာအပါး ၁၈၀၀၀ ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွင်း နိုင်ငံခြားသားခရီးသွားများ တက်ရောက်ခွင့် ယာယီတားမြစ်
Published 16 December 2017

ရွှေတိဂုံစေတီတော်တွင် ကျင်းပမည့် ဂိုဏ်းပေါင်းစုံ သံဃာအပါး ၁၈၀၀၀ ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်မည်ဖြစ်သဖြင့် အဆိုပါကာလအတွင်း နိုင်ငံခြားသားခရီးသွားများ တက်ရောက်ဖူးမြော်ပါက အဆင်မပြေမှုများ ဖြစ်နိုင်သဖြင့် ဘုရားပေါ်သို့ နိုင်ငံခြားသားများ တက်ရောက်ခွင့်ကို သုံးရက်ခန့် ယာယီတားမြစ်လိုက်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဒီဇင်ဘာ ၁၅ ရက်တွင် အသင်းဝင်များသို့ ကြိုတင်အကြောင်းကြားမှုအရ သိရသည်။

အဆိုပါကိစ္စကို ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းသို့ ပေးပို့ခဲ့ပြီး အသင်းမှတစ်ဆင့် အသင်းဝင်များသို့ ပြန်လည်အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံ သံဃာတော်အပါး ၁၈၀၀၀ ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပမည် ဖြစ်သဖြင့် အဆိုပါအခမ်းအနား ကျင်းပမည့်ရက်မတိုင်မီ ဒီဇင်ဘာ ၃၀ ရက် နံနက် ၇ နာရီမှ အခမ်းအနားပြီးဆုံးသည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းတည့် ၁၂ နာရီအထိ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်မည့် နိုင်ငံခြားသားခရီးသွားများ အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အဆိုပါအချိန် ကျော်လွန်မှသာ လာရောက်ဖူးမြော်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းသို့ အကြောင်းကြားလာကြောင်း၊ ထို့ကြောင့် ခရီးသွားကုမ္ပဏီများက နိုင်ငံခြားသားခရီးသွားများအား ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ပြသ ဖူးမြော်ရန် ခရီးစဉ်ရေးဆွဲ ရောင်းချထားမှုကို အသိပေးဆောင်ရွက်နိုင်ရန် အကြောင်းကြားအပ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာတော်အပါး ၁၈၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီ၊ ကျင်းပရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ရှေးဟောင်းတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဇေယျာလူမှုထူးချွန်ဆု၊ နိုင်ငံ့စွမ်းဆောင်ရည်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်ဆုရ ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလက သြဝါဒကထာ မိန့်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခဲ့ပြီး ကော်မတီအတွင်းရေးမှူး သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းက ဆက်လက်ရှင်းလင်း လျှောက်ထားခဲ့ကြောင်း၊ အဆိုပါ ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာတော်အပါး ၁၈၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။