ပြည်သူ့ရင်ပြင်ရှိ သဘာဝဥယျာဉ်ကမ္ဘာအား လာမည့်ဘဏ္ဍာနှစ်မှစ၍ တစ်နှစ်လျှင်ကျပ်သိန်း ၁၀၀၀၀ ကျော်ဖြင့် ငှားမည်ဖြစ်ပြီး ရုပ်ရှင်ရုံနှင့် ဆိုင်ခန်းငှားရမ်းခများ တိုးမြှင့်ရန် ဆောင်ရွက်နေဟုဆို

ပြည်သူ့ရင်ပြင်ရှိ သဘာဝဥယျာဉ်ကမ္ဘာအား လာမည့်ဘဏ္ဍာနှစ်မှစ၍ တစ်နှစ်လျှင်ကျပ်သိန်း ၁၀၀၀၀ ကျော်ဖြင့် ငှားမည်ဖြစ်ပြီး ရုပ်ရှင်ရုံနှင့် ဆိုင်ခန်းငှားရမ်းခများ တိုးမြှင့်ရန် ဆောင်ရွက်နေဟုဆို
Published 16 December 2017

ပြည်သူ့ရင်ပြင်အတွင်း ဖွင့်လှစ်ထားသည့် သဘာဝဥယျာဉ်ကမ္ဘာ အားကစားကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ပြည်သူ့ရင်ပြင်အတွင်းရှိ သဘာဝဥယျာဉ်ကမ္ဘာအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ကာ တစ်နှစ်လျှင် ငှားရမ်းခ ကျပ် ၁၂၇၇၈ ဒသမ ၁၈၃ သိန်းဖြင့် ငှားရမ်းမည်ဖြစ်ပြီး ရုပ်ရှင်ရုံများနှင့် ဆိုင်ခန်းများ၏ ငှားရမ်းခများကိုလည်း တိုးမြှင့်နိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းမှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စအား ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်နှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြု ဆွေးနွေးချက်များအပေါ် ဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရှိ ပန်းဥယျာဉ်နှင့် အားကစားဌာနမှ နှစ်ရှည်ငှားရမ်းထားတဲ့ ပြည်သူ့ရင်ပြင်အတွင်းမှာရှိတဲ့ ၇၆ ဒသမ ၆၇ ဧကကို နှစ်ရှည်ငှားရမ်းထားတဲ့ သဘာဝဥယျာဉ်ကုမ္ပဏီရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ရဲ့ ငှားရမ်းခနဲ့ ပတ်သက်ပြီးတော့က ကာလပေါက်ဈေးနဲ့ ပတ်သက်ရင် လွန်စွာနည်းပါးနေကြောင်းကို အကြံပြုထားပါတယ်။ အဆိုပါ ကုမ္ပဏီကနေ ငှားရမ်းခဲ့ရာမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ တစ်နှစ်လျှင် ကျပ်သိန်း ၂၅၀၀ နဲ့ ငှားရမ်းခဲ့ခြင်းဟာ ယခင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၆ ဖေဖော်ဝါရီ ၂၂ ရက်ကနေပြီးတော့ ခွင့်ပြုချက်နဲ့ ငှားရမ်းခဲ့ခြင်းဖြစ်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ခေတ်ကာလပေါက်ကြေးအတိုင်း ကောက်ခံရန် မြေပြင်အခြေအနေမှာ ပြန်လည်စိစစ်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၂၇၇၈ ဒသမ ၁၈၃ သိန်းနဲ့ တိုးမြှင့် ကောက်ခံလျက်ရှိကြောင်းကို တင်ပြအပ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ဆိုသည်။

ထို့ပြင် မြန်မာ့ရုပ်ရှင်ဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ရုပ်ရှင်ရုံနှင့် ဆိုင်ခန်းများငှားရမ်းခ ငွေများသည်လည်း ကာလပေါက်ဈေးနှင့်အညီ ရရှိရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင် နှစ်ရှည်ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံများကို နိုင်ငံတော်သမ္မတရုံး လမ်းညွှန်ချက်နှင့်အညီ တိုးမြှင့်သတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ စိစစ်တွက်ချက်ရန် အကြောင်းကြားထားကြောင်း၊ ၂၀၁၇ စက်တင်ဘာ ၃၀ ရက်က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြီးမှူးငှားရမ်းခနှုန်း တိုးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးတွင် ရုပ်ရှင်မြှင့်တင်ရေးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ပဏာမ ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးများနှင့် ထပ်မံညှိနှိုင်းရန်ရှိကြောင်း၊ ညှိနှိုင်းရရှိမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်ကြားရေးဝန်ကြီးဌာနကို အကြောင်းပြန်မည်ဖြစ်ကြောင်း၊ အကြောင်းပြန်ပြီးပါက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြအတည်ပြုချက် ရယူပြီး နှုန်းထားများကိုပြင်ဖို့ရန် စာချုပ်များကို ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။