<

ညောင်ဦးမြို့နယ်တွင် ခိုးယူခံခဲ့ရသော နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ရှေးဟောင်းဘုရားနှစ်ဆူကို မြ၀တီ-မဲဆောက်နယ်စပ်နှင့် ပဲခူးရိုးမတို့မှ ပြန်လည်သိမ်းဆည်းရမိ

ပဲခူးရိုးမဖြတ်လမ်းနံဘေးရှိ ကိုင်းတောစပ်တွင် သိမ်းဆည်းထားသည့် ထိုင်တော်မူဘုရားအား ရဲတပ်ဖွဲ့မှ ပြန်လည်သိမ်းဆည်းနေစဉ်

မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ်တွင် ခိုးယူခံခဲ့ရသော နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ရှေးဟောင်းဘုရားနှစ်ဆူကို မြ၀တီ-မဲဆောက်နယ်စပ်နှင့် ပဲခူးရိုးမအတွင်းမှ အသီးသီး ပြန်လည်သိမ်းဆည်းရမိခဲ့ကာ ကျူးလွန်သူတစ်ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ညောင်ဦးမြို့နယ် မြေနဲကြီးကျေးရွာ ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းအတွင်းမှ တည်ထားကိုးကွယ်ထားသည့် ဥာဏ်တော်အမြင့် ခြောက်ပေ ခြောက်လက်မရှိ ရပ်တော်မူဘုရားနှင့် ဥာဏ်တော်အမြင့် နှစ်ပေ ခြောက်လက်မခန့်ရှိ ထိုင်တော်မူဘုရားနှစ်ဆူမှာ အောက်တိုဘာ ၂၃ ရက်က ပျောက်ဆုံးသွားခဲ့သဖြင့် အုပ်ချုပ်ရေးမှူးက အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားခိုးယူပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ရဲအကူ တပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစိတ်မှ ရဲအုပ်ရဲအ၀င်း ဦးစီးသည့်အဖွဲ့မှ စုံစမ်းခဲ့ရာ ယင်းဘုရားများ ခိုးယူသူအဖွဲ့ထဲမှ ပါဝင်သူဟု ယူဆရသူ အေးကို (ခ) အုန်းခင်ကို မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းကို ဆက်လက်စစ်ဆေးရာ ဥာဏ်တော် ခြောက်ပေ ခြောက်လက်မ ရှိသည့် ရပ်တော်မူဘုရားကို မြ၀တီတစ်ဖက်ကမ်းရှိ မဲဆောက်တွင် ထိုင်းဘတ်ငွေဖြင့် ပေါင်နှံထားပြီး ထိုင်တော်မူဘုရားကို တိုက်ကြီးမြို့နှင့် ပဲခူးမြို့သို့ ဆက်သွယ်ထားသည့် ရိုးမဖြတ်လမ်းနံဘေးရှိ ကိုင်းတောစပ်တွင် သိမ်းဆည်းထားသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပဲခူးရိုးမအတွင်းမှ ထိုင်တော်မူဘုရားကို ပြန်လည်ပင့်ဆောင်လာခဲ့ပြီး ရပ်တော်မူဘုရားအား ပေါင်နှံထားသည့် မဲဆောက်သို့သွားရောက်ကာ စုံစမ်းမှုများ ပြုလုပ်ခဲ့ကာ ဘုရားပြန်လည်ပင့်ဆောင်နိုင်ရန် အချိန်ယူစောင့်ကြည့်ခဲ့ရာ ဒီဇင်ဘာ ၇ ရက်က ပြန်လည်ပင့်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

“တစ်ဆူကတော့ ပဲခူးရိုးမတောထဲမှာ ထားခဲ့တာပါ။ ရပ်တော်မူဘုရားကတော့ နယ်စပ်မြို့လေးမှာ သွားရောက်သိမ်းဆည်းခဲ့ရတာမို့ အခက်အခဲတွေကတော့ ရှိခဲ့ပါတယ်။ ဘုရားတွေကို သူ့ကိန်းဝပ်စံပယ်ရာကျောင်းတော်ဆီ ပြန်လည်ပို့ဆောင်ခဲ့ပါပြီ။ နယ်တွေက ဘုန်းကြီးကျောင်းတွေမှာ ရှေးဟောင်းဘုရားခိုးတာတွေ မကြာခဏဖြစ်ပွားနေလို့ ကျေးရွာတွေ အနေနဲ့ သတိထား စောင့်ကြည့်ဖို့လိုပါတယ်” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ရဲဝင်းက ပြောကြားသည်။

ယင်းဘုရားနှစ်ဆူအနက် ရပ်တော်မူ ဘုရားသည် နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိကြောင်း သိရသည်။

ဘုရားခိုးယူသူမှာ လေးဦးဖြစ်ပြီး တစ်ဦးကိုသာ ဖမ်းဆီးရမိထားရာ ဖမ်းမိထားသည့် အေးကို (ခ) အုန်းခင်ကို ငါ့သရောက်နယ်မြေ ရဲစခန်းတွင် (ပ) ၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်ကလည်း မြင်းခြံမြို့နယ် ယုန်တိုးကျေးရွာရှိ ရွာဦးမြသိန်းတန်ကျောင်းတိုက်အတွင်း ကိန်းဝပ်စံပယ်လျက်ရှိသော အင်းဝခေတ်လက်ရာ ဥာဏ်တော် ခုနစ်ပေနှင့် သုံးလက်မရှိ ရှေးဟောင်းမံဘုရားဆင်းတုတော် ပျောက်ဆုံးမှုကိုလည်း တိုင်းအကူတပ်ဖွဲ့မှပင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

December 15, 2017














Copy Protected by Chetan's WP-Copyprotect.