ခရီးသည်ထံမှ ရွှေထည်နှင့် ငွေများလုယက်သည့် ယာဉ်မောင်းပါ နှစ်ဦးအား ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့မှာ လုယက်မှုများစွာ ကျူးလွန်ထားကြောင်း စစ်ဆေးတွေ့ရှိ

ခရီးသည်ထံမှ ရွှေထည်နှင့် ငွေများလုယက်သည့် ယာဉ်မောင်းပါ နှစ်ဦးအား ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့မှာ လုယက်မှုများစွာ ကျူးလွန်ထားကြောင်း စစ်ဆေးတွေ့ရှိ
Published 16 December 2017

ဒဂုံတောင်မြို့နယ်တွင် ခရီးသည်တစ်ဦးထံမှ ရွှေထည်နှင့် ပိုက်ဆံလုယက်သည့် ယာဉ်မောင်းပါနှစ်ဦးအား ဖမ်းဆီးစစ်ဆေးရာမှ ၎င်းတို့မှာ လုယက်မှု အမြောက်အမြား ကျူးလွန်ထားဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် နံနက် ၃ နာရီခန့်တွင် မှော်ဘီမြို့နယ်နေ ကို.....သည် မြောက်ဒဂုံမြို့နယ်မှ ၎င်းနေထိုင်သည့် နေအိမ်သို့ပြန်ရန် အငှားယာဉ်တစ်စီးအား စီးနင်းခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် အခြားလူငယ်နှစ်ဦး လိုက်ပါလာသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ယာဉ်အားမောင်းနှင်လာစဉ် ယာဉ်ပေါ်တွင် အိပ်ပျော်သွားရာမှ လန့်နိုးလာစဉ် ၎င်းမှာ ယာဉ်ပေါ်တွင်မဟုတ်ဘဲ ဒဂုံတောင်မြို့နယ် ၆၄ ရပ်ကွက် စက်မှုဇုန် (၁)၊ စက်မှုပတ်လမ်းတွင် ရောက်ရှိနေပြီး ဝတ်ဆင်ထားသည့် အလေးချိန် လေးပဲခန့်ရှိ စိန်မြချယ် လက်စွပ်၊ ဖုန်းတစ်လုံး၊ ကျပ်တစ်သိန်းထည့်ထားသည့် ပိုက်ဆံအိတ်တို့မှာ ပျောက်ဆုံးနေသဖြင့် ဒဂုံတောင်မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ဒဂုံတောင်မြို့မရဲစခန်းက (ပ)၂၀၉၁/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိရေး ဆောင်ရွက်ရာတွင် ခိုးနှိုက်သွားသည့်ဖုန်းကို အငှားယာဉ်မောင်းဖြစ်သည့် ဒဂုံတောင်မြို့နယ်နေ ဖိုးဇော် (၃၀ နှစ်) က ရောင်းချနေကြောင်း သိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ ၎င်းကို ဒီဇင်ဘာ ၇ ရက် နံနက် ၂ နာရီခန့်တွင် ယင်းမြို့နယ် ၁၀၅ ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ရာတွင် ပါဝင်သည့် ဒဂုံမြောက်မြို့နယ်နေ ချစ်ကို (၂၀ နှစ်) ကို ယင်းနေ့ ညနေ ၃ နာရီခွဲခန့်တွင် နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား စစ်ဆေးရာ ကျူးလွန်ရာတွင် ပါဝင်သည့် ဦးကျော်ဆိုသူမှာ သက်သေခံလက်စွပ်ကို ပေါင်နှံထားကြောင်းသိရပြီး ယင်းလက်စွပ်ကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ၂၀၁၇ ခုနှစ် ဧပြီ၊ ဇွန်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဖိုးဇော်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်သုံးစီးအား အသုံးပြု၍ ဦးကျော်သူဆိုသူနှင့်အတူ အငှားယာဉ် ငှားရမ်းစီးနင်းသည့် ခရီးသည်များထံမှ လုယက်မှုကိုးမှု ကျူးလွန်ထားသည်ကိုလည်း စစ်ဆေးသိရှိရပြီး အမှုမှ လွတ်မြောက်နေသည့် ဦးကျော်ဆိုသူကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။