ဒုတိယသမ္မတ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များ ပါဝင်သည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးပြုလုပ်

ဒုတိယသမ္မတ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များ ပါဝင်သည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးပြုလုပ်
Published 14 December 2017

နေပြည်တော်တွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ပထမအကြိမ် အစည်းအဝေးပြုလုပ်စဉ်

ဒုတိယသမ္မတဦးမြင့်ဆွေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်        ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များ ပါဝင်သည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ဒီဇင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ဒုတိယသမ္မတဦးမြင့်ဆွေက SME လုပ်ငန်းများအား မြှင့်တင်သွားရန်အတွက် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်ပြီး လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးတတ်မှု၊ ငွေကြေးအရင်းအမြစ်၊ အခြေခံ အဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေး၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်သာကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများ ရရှိရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (SME) များ ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ရာတွင် လက်တွေ့ကျသည့် ချဉ်းကပ်မှုမျိုးနှင့် ဆောင်ရွက်သွားရန်လို အပ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ငွေကြေးအရင်းအမြစ်၊ လူသားအရင်းအမြစ်၊ အတတ်ပညာအရင်းအမြစ်နှင့် ဒေသတွင်းရရှိနိုင်သည့် အရင်းအမြစ်များကို ဖော်ထုတ်အသုံးချနိုင်ရန်အရေးကြီးကြောင်း ဒုတိယသမ္မတက ဆက်လက်ပြောကြားသည်။

“ASEAN SME Policy Index အရ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ဟာ  Policy Index အနေနဲ့ အမြင့်ဆုံးမှာရပ်တည်နေပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေဟာ အနိမ့်ဆုံး အခြေအနေမှာ ရပ်တည်နေပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ SME Development Policy Index မြင့်မားစေရေး အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

SME ဗဟိုကော်မတီ၏ဆုံးဖြတ်ချက် နှင့်အညီ SME လုပ်ငန်းကော်မတီအား နိုဝင်ဘာ ၂၉ ရက်က ဖွဲ့စည်းခဲ့ပြီး အဆိုပါလုပ်ငန်းကော်မတီတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၃၂ ဦး၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ SME လုပ်ငန်းကို လက်တွေ့ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂိုလ်ရှစ်ဦး စုစုပေါင်းအဖွဲ့ဝင် ၄၀ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်း တိုးတက်လာစေရန်အတွက် ငွေကြေး၊ဈေးကွက်နှင့် လမ်းညွှန်ပေးမှုလိုအပ်ပြီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် ရင်းနှီးငွေ၊ ချေးငွေ ရရှိသည့်ခက်ခဲနေသည်ကို သိရှိသော်လည်း ဘဏ်ချေးငွေ တစ်ခုတည်းမဟုတ်ဘဲ အခြားနည်းလမ်းများအား ကြံဆဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သမားရိုးကျ ဘဏ်ချေးငွေတစ်ခု တည်းကိုသာ အားမကိုးဘဲ အောင်မြင်သည့် လုပ်ငန်းရှင်ကြီးများမှ စတင်စ လုပ်ငန်းသစ်လေးများတွင် အစုရှယ်ယာထည့်ဝင်ပြီး လုပ်ငန်းသစ်များ အောင်မြင်ရန် ပူးပေါင်းကူညီပေးရန်လိုအပ်ကြောင်း ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ  (MICC-2) တွင် ကျင်းပသည့် မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် Myanmar Entrepreneurship 2017 အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။