ငါးရက်ဆက်တိုက်မြင့်တက်ခဲ့သော မတ်ပဲနှင့် ပဲစင်းငုံဈေး အနည်းငယ်ပြန်လည်ကျဆင်း

ငါးရက်ဆက်တိုက်မြင့်တက်ခဲ့သော မတ်ပဲနှင့် ပဲစင်းငုံဈေး အနည်းငယ်ပြန်လည်ကျဆင်း
Published 13 December 2017

ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ငါးရက်ဆက်တိုက်မြင့်တက်ခဲ့သော မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများသည် ဒီဇင်ဘာ ၁၂ ရက်တွင် အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ပဲတင်သွင်းမှု ကန့်သတ်ချက်ပယ်ဖျက်ပါက အိန္ဒိယကုန်သည်များက ပဲတန်ချိန်သုံးသိန်းမှ လေးသိန်းအထိဝယ်ယူရန် ကြိုတင်စာရင်းပေးထားသည်ဟု အိန္ဒိယသတင်းဌာနများ ပြီခဲ့သည့်တစ်ပတ်ကဖော်ပြခဲ့ပြီး ပြည်တွင်းဈေးကွက်အတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဖွင့်လှစ်သည့် ငါးရက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၄၇၀၀၀ မှ ၅၆၅၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ၏ ပဲတင်သွင်းမှုကန့်သတ်ချက်ကာလပြည့်မီရန် လေးလခန့်လိုနေသေးသည့်အချိန်တွင် ယင်းသတင်းထွက်ရှိလာမှုကြောင့် ပြည်တွင်းမတ်ပဲနှင့် ပဲဈေးငုံဈေးနှုန်းများသည် ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၄၃၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၇၀၃၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၃၈၂၀၀၀ အထိမြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နှင့် နှိုင်းယှဉ်ပါက မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၆၅၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၅၁၅၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၄၇၀၀၀ အထိဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ထိုသို့ဈေးကွက်အကောင်းမြင်မှုကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ငါးရက်ဆက်တိုက် မြင့်တက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၂ ရက်တွင် အနည်းငယ်ပြန်လည်ကျဆင်းခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက်တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ မတ်ပဲ (FAQ/RC) တစ်တန်လျှင် ကျပ် ၅၃၆၀၀၀၊ မတ်ပဲ (SQ/RC) တစ်တန်လျှင် ကျပ် ၆၉၅၀၀၀၊ ပဲစင်းငုံနီ (RC) တစ်တန်လျှင် ကျပ် ၃၇၅၀၀၀ တို့ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နှင့် နှိုင်းယှဉ်ပါက တစ်တန်လျှင် ကျပ် ၇၀၀၀ မှ ၈၀၀၀ ဝန်းကျင်ပြန်ကျလာခြင်းဖြစ်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။