ချောင်းသာသို့သွားသည့် လိုက်ထရပ်တစ်စီး ပုသိမ်-မုံရွာလမ်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး ၁၃ ဦး ဒဏ်ရာရ

ချောင်းသာသို့သွားသည့် လိုက်ထရပ်တစ်စီး ပုသိမ်-မုံရွာလမ်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး ၁၃ ဦး ဒဏ်ရာရ
Published 12 December 2017

ချောင်းသာသို့သွားသည့် လိုက်ထရပ်ကားတစ်စီး ပုသိမ်-မုံရွာလမ်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့စဉ်

ချောင်းသာသို့သွားသည့် လိုက်ထရပ်ကားတစ်စီး ပုသိမ်-မုံရွာလမ်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်မှာ ဒီဇင်ဘာ ၁၁ ရက် နံနက် ၅ နာရီခန့်က ပုသိမ်-မုံရွာ ကားလမ်း ၂၆/၁ နှင့် ၂၆/၂ ကြားဂုန်မင်းအုပ်စု၊ လယ်တီစုကျေးရွာအနီး၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဟင်္သာတမြို့နယ် ကြက်တွန်ရိုးကျေးရွာ စစ်ကွင်းအုပ်စု အဲဒီကနေ သူတို့က ချောင်းသာကိုသွားကြမှာ။ အသွားမှာဖြစ်တာ။ ဘယ်လိုကြောင့်လဲဆိုတော့ ယာဉ်ရဲ့ ရှေ့ဝဲဘက် ဘီးပေါက်ပြီး တစ်ဖက်ခြမ်းကိုဆွဲတဲ့အချိန်မှာ သူက ကိုယ့်ညာဘက်ခြမ်းကို သိမ်းလိုက်တာပေါ့။ အရှိန်လည်းပါတော့ လမ်းဘေးကျပြီး ရှေ့က မလေးရှားပိတောက်ပင်ကို ဝင်တိုက်တာ။ မလေးရှား ပိတောက်ပင်ကလည်း အဆွေးဆိုတော့ ကိုင်းတွေပါ ကြိုးကျတာပေါ့။ ကားပေါ်ပိတာပေါ့” ဟု လှည်းဆိပ်ရဲကင်းမှူး ရဲအုပ်ညွန့်အောင်က ပြောကြားသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ကျောင်းကုန်းဆေးရုံ၌ ကနဦး ဆေးကုသမှုခံယူခဲ့ပြီး အတွင်းလူနာအဖြစ် ဆက်လက် ဆေးကုသမှုခံယူရန် လိုအပ်သူများမှာ ဟင်္သာတခရိုင်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသလျက်ရှိကြောင်း သိရသည်။

“သေဆုံးတာ တစ်ယောက်ရှိတယ်။ ဒဏ်ရာရတာက ၁၃ ယောက်ပေါ့။ ဒဏ်ရာမရတဲ့သူ သုံးလေးယောက်လောက်ရှိတယ်။ သစ်ပင်ကို ဝင်ဆောင့်လိုက်တဲ့အချိန်မှာ သေဆုံးတဲ့သူက ခေါင်းခန်းရဲ့နောက်က အမှီဘက် ထိုင်နေတာပေါ့။ ရှေ့ဆုံးကနေ အမှီဘက်ပေါ့” ဟု ရဲအုပ်ညွန့်အောင်က ဆက်လက် ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို ဥပဒေနဲ့အညီ အရေးယူနိုင်ရန် ကျောင်းကုန်းမြို့မရဲစခန်း၌ ရဲအုပ်ညွန့်အောင်က တရားလိုပြုလုပ်ကာ အမှုဖွင့်ထားကြောင်း သိရသည်။