သေဒဏ်ကို တရားဝင် ဆိုင်းငံ့ရေးအတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ကြောင်း ဆွေးနွေးအကြံပြုချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

သေဒဏ်ကို တရားဝင် ဆိုင်းငံ့ရေးအတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ကြောင်း ဆွေးနွေးအကြံပြုချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
Published 10 December 2017

သေဒဏ်ကို တရားဝင် ဆိုင်းငံ့ရေးအတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ကြောင်း ဆွေးနွေးအကြံပြုချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်၌ အထက်ပါကဲ့သို့ ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ကော်မရှင်သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို မြန်မာဘာသာသာမက ကချင်၊ ကရင် (ပိုးအရှေ့၊ ပိုးအနောက်၊ စ ကော)၊ မွန်၊ ရှမ်း စသည့် တိုင်းရင်းသားဘာသာ စကားများသို့ ဘာသာပြန်ဆို၍ နိုင်ငံသားများ၏ လူ့အခွင့်အရေးအသိပညာ တိုးတက်စေရေး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း ဆိုထားသည်။

ထို့ပြင် ကော်မရှင်သည် ဒေသဆိုင်ရာ လှုပ်ရှားမှုအနေဖြင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် ဒေသဆိုင်ရာ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်တက်ရောက်ခြင်း၊ မိမိတို့ကော်မရှင်က အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF) နှင့် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (APF) တို့ကဲ့သို့ ဒေသအဆင့် လူ့အခွင့်အ ရေးအဖွဲ့အစည်းများ၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး  (GANHRI) နှင့်လည်း လူ့အခွင့်အရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ ကော်မရှင်အနေဖြင့် APF ၏ ပံ့ပိုးကူညီမှုဖြင့် “သေဒဏ်ကို တရားဝင်ရပ်ဆိုင်းရေးနှင့်စပ်လျဉ်းသည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်း နေပြည်တော်၌ ကျင်းပခဲ့ ကြောင်း၊ ၎င်းဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများမှ အဆင့်မြင့် အရာရှိများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာမှ ကိုယ်စားလှယ်များနှင့် ကော်မရှင်အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် သေဒဏ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသဖြင့် ပြည်တွင်းပြည်ပ အကျိုးကျေးဇူးများရရှိနိုင်စေရန် သေဒဏ်ကို တရားဝင် ဆိုင်းငံ့ရေးအတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးအကြံပြုချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် သေဒဏ်ဖျက်သိမ်းရေးကို ရည်ရွယ်သည့်           ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၏ ဒုတိယနောက်ဆက်တွဲ စာချုပ်ကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၇ ခုနှစ်အတွင်း ကော်မရှင်အနေဖြင့် ညောင်ဦး၊ မြင်းခြံ၊ စစ်တွေ၊ ဘူးသီးတောင်၊ အင်းစိန်၊ လားရှိုး၊ မြစ်ကြီးနား၊ ကျောက်ဖြူ၊ သံတွဲ၊ ရမည်းသင်း၊ သရက်၊ တောင်ငူ၊ နေပြည်တော်၊ မြိတ်၊ ကော့သောင်း၊ သာယာဝတီမြို့ များရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းများသို့ လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍ သွားရောက်စစ်ဆေးခဲ့ပြီး ကော်မရှင်၏ တွေ့ရှိချက်များ၊ အကြံပြုချက်များကို သက်ဆိုင်ရာဌာနသို့ ပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ Panda Hotel ၌ ဒီဇင်ဘာ ၉ ရက်က ကျင်းပခဲ့သည်။

Most Read

Most Recent