အနည်းဆုံးအခကြေးငွေအား တစ်ရက်လျှင် ကျပ် ၄၀၀၀ မှ ၄၂၀၀ ကြားသာပေးနိုင်မည်ဟု လုပ်ငန်းရှင်များ ပြောကြား

အနည်းဆုံးအခကြေးငွေအား တစ်ရက်လျှင် ကျပ် ၄၀၀၀ မှ ၄၂၀၀ ကြားသာပေးနိုင်မည်ဟု လုပ်ငန်းရှင်များ ပြောကြား
Published 10 December 2017

အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ကျပ် ၅၆၀၀ ထက်မနည်း အမြန်ဆုံးသတ်မှတ်ပေးရေး အလုပ်သမားများ ဒီဇင်ဘာ ၃ ရက်က လှိုင်သာယာမြို့နယ်တွင် ဆန္ဒထုတ်ဖော်စဉ်

အနည်းဆုံးအခကြေးငွေနှုန်းထားအား လုပ်ငန်းရှင်များဘက်က တစ်ရက်လျှင် ကျပ် ၄၀၀၀ မှ ၄၂၀၀ ကြားသာပေးနိုင်မည်ဟု ဒီဇင်ဘာ ၉ ရက်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ဗဟိုအလုပ်မှုဆောင် ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

ရန်ကုန်မြို့ သုဝဏ္ဏရှိ ဆောက်လုပ်ရေးဗဟိုသင်တန်းကျောင်းတွင် ပြုလုပ်သည့် အလုပ်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတွင် ဒေါက်တာခင်မောင်အေးက မီဒီယာများ၏မေးမြန်းမှုကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့တောင်းနေတဲ့ ၅၆၀၀ ပေးဖို့က ကျွန်တော်တို့လုပ်ငန်းရှင်တွေမှာ လုံးဝမဖြစ်နိုင်ဘူးလို့ အဖြေထွက်တယ်။ ကျွန်တော်တို့ရတဲ့ အထည်ချုပ်လုပ်ငန်းမှာဝင်ငွေက နိုင်ငံခြားငွေနဲ့ရတယ်။ ရတဲ့ငွေကို ငွေလဲလှယ်နှုန်းနဲ့ လဲလိုက်တယ်။ အဲဒီပိုက်ဆံကို အလုပ်သမားတွေကို ခွဲဝေပေးလိုက်တယ်။ ကုန်ပြီ။ တောင်းသလိုပေးနိုင်ဖို့က ကျွန်တော်တို့မှာ အကြောင်းအချက်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ပေးနိုင်တဲ့နှုန်းက နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်မှာလည်း မူတည်တယ်။ အလုပ်သမားရဲ့ ကုန်ထုတ်လုပ်မှုပေါ်မှာ မူတည်တယ်။ ဒီနှစ်ခုအပေါ်မှာ မူတည်တယ်။ လက်ရှိလုပ်ငန်းရှင်တွေအများစုရဲ့ ပေးနိုင်တဲ့နှုန်းထားက ဒီလောက်ပါပဲ။ အများစုက ၄၀၀၀ ကိုပဲ ပေးနိုင်တယ်လို့ပြောကြတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်မှုဆောင် ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

ယင်းနှုန်းထားပမာဏသည် အထည်ချုပ်လုပ်ငန်းရှင်များ၏ သဘောထားဟု ပြောနိုင်ပြီးဖြစ်သင့်သည့် ပမာဏဟု ဒေါက်တာခင်မောင်အေးက ဆက်လက်ပြောကြားသည်။

လုပ်ငန်းရှင်များပေးနိုင်သည့်နှုန်းထားနှင့် ပတ်သက်၍ လာမည့်ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်မည့် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရစသည်တို့ပါဝင်သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များဘက်က တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်၊ လှိုင်၊ မှော်ဘီ၊ လှည်းကူးမြို့နယ်များနှင့် ပဲခူးမြို့၊ သာယာဝတီမြို့၊ ဆွာမြို့စသည်တို့ရှိ အလုပ်သမားများသည် ကုန်ဈေးနှုန်းမြင့်မားခြင်းနှင့်အတူ နေထိုင်စားသောက်စရိတ် ကျပ်တည်းမှုများကြောင့် အနည်းဆုံးအခကြေးငွေအား တစ်ရက်လျှင် ကျပ် ၅၆၀၀ သတ်မှတ်ပေးရန် ဒီဇင်ဘာ ၃ ရက်တွင် လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်ကာ ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent