လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီလက်ထက်တွင် စိုက်ပျိုးမြေအဖြစ် သက်ဆိုင်သူများထံ လွှဲပြောင်းပေးမည့်မြေဧက ၃၈၀၀၀ ကျော်ရှိပြီး စိုက်ပျိုးမြေမဟုတ်သော နိုင်ငံပိုင်မြေအဖြစ် ထိန်းသိမ်းထားရှိမည့်ဧကမှာ ၈၈၀၀၀ ကျော်နှင့် အခြားဝန်ကြီးဌာနသို့လွှဲပြောင်းရန် စွန့်လွှတ်သည့်ဧက ၁၃၀၀၀ ကျော်ရှိကြောင်း သတင်းထုတ်ပြန်

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီလက်ထက်တွင် စိုက်ပျိုးမြေအဖြစ် သက်ဆိုင်သူများထံ လွှဲပြောင်းပေးမည့်မြေဧက ၃၈၀၀၀ ကျော်ရှိပြီး စိုက်ပျိုးမြေမဟုတ်သော နိုင်ငံပိုင်မြေအဖြစ် ထိန်းသိမ်းထားရှိမည့်ဧကမှာ ၈၈၀၀၀ ကျော်နှင့် အခြားဝန်ကြီးဌာနသို့လွှဲပြောင်းရန် စွန့်လွှတ်သည့်ဧက ၁၃၀၀၀ ကျော်ရှိကြောင်း သတင်းထုတ်ပြန်
Published 8 December 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီလက်ထက်၌ စိုက်ပျိုးမြေအဖြစ် သက်ဆိုင်သူများထံ ပြန်လည်လွှဲပြောင်းပေးမည့် မြေဧကမှာ ၃၈၀၀၀ ကျော်ရှိပြီး စိုက်ပျိုးမြေမဟုတ်သော နိုင်ငံပိုင်မြေအဖြစ် ထိန်းသိမ်းထားရှိမည့်ဧကမှာ ၈၈၀၀၀ ကျော်နှင့် အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းရန်စွန့်လွှတ်သည့် ဧကမှာ ၁၃၀၀၀ ကျော်ရှိကြောင်း ဗဟိုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီလက်ထက်တွင် (၅/၂၀၁၆) မှ (၁၁/၂၀၁၇) အထိ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အသုံးမပြုပိုလျှံ၍လည်းကောင်း၊ မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ရန်လည်းကောင်း၊ အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်အတွက်လည်းကောင်း ပြန်လည်စွန့်လွှတ်မှုအပေါ် သက်ဆိုင်သူများထံသို့ လွှဲပြောင်းပေးအပ်မှု အခြေအနေမှာ အမှု ၇၉၈ မှုတွင် စုစုပေါင်းစွန့်လွှတ်မြေဧကမှာ ၁၄၀၂၈၉ ဒသမ ၈၁၇၆ ဧကရှိပြီး ၎င်းတို့အနက် စိုက်ပျိုးမြေအဖြစ် သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးမည့် ဧကမှာ ၃၈၀၂၄ ဒသမ ၈၄၁၅  ဧက၊ စိုက်ပျိုးမြေမဟုတ်သော နိုင်ငံပိုင်မြေအဖြစ်ထိန်းသိမ်းထားရှိမည့် ဧကမှာ ၈၈၇၇၁ ဒသမ ၃၈၀၁ ဧကနှင့် အခြားဝန်ကြီးဌာနသို့  လွှဲပြောင်းရန်စွန့်လွှတ်သည့်ဧကမှာ ၁၃၄၉၃ ဒသမ ၅၉၆၀ ဧကရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယခင်အစိုးရလက်ထက် မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ ပြန်လည်အပ်နှံလာသော စွန့်လွှတ်မြေများအပေါ် သက်ဆိုင်သူများထံသို့ လွှဲပြောင်းပေးအပ်ပြီးစီးမှုနှင့် လွှဲပြောင်းပေးအပ်ရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ကျန်မြေစာရင်းမှာ ၆၉၄၈ ဒသမ ၄၅၁ ဧကဖြစ်ပြီး သက်ဆိုင်သူများထံ ဆက်လက်လွှဲပြောင်းပေးရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခင်အစိုးရလက်ထက် မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ ပြန်လည်အပ်နှံလာသော စွန့်လွှတ်မြေများအပေါ် သက်ဆိုင်သူများထံသို့ လွှဲပြောင်းပေးအပ်ပြီးစီးမှု အခြေအနေမှာ အမှုပေါင်း ၁၇၄၆ မှုတွင် စုစုပေါင်း စွန့်လွှတ်မြေမှာ ၄၂၉၈၄၅ ဒသမ ၂၉၃ ဧက ဖြစ်ပြီး ၎င်းမြေများအနက် တောင်သူ ၄၀၃၂၉ ဦးထံ စိုက်ပျိုးမြေ ၂၄၃၃၃၀ ဒသမ ၅၈၃ ဧက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး စိုက်ပျိုးမြေ မဟုတ်သော အခြားမြေများကို သက်ဆိုင်ရာသို့ ၁၇၉၅၆၆ ဒသမ ၂၆၉ ဧက လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် စုစုပေါင်းလွှဲပြောင်းပြီး မြေဧရိယာမှာ ၄၂၂၈၉၆ ဒသမ ၈၄၂ ဧကဖြစ်ကြောင်း ဗဟိုကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီလက်ထက် (၅/ ၂၀၁၆) မှ (၃၀-၁၁-၂၀၁၇) အထိ စွန့်လွှတ်မြေစုစုပေါင်း ဧရိယာ ၁၄၀၂၈၉ ဒသမ ၈၁၇၆ ဧကနှင့် ယခင်အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့်  မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီတွင် စွန့်လွှတ်မြေစုစုပေါင်း ဧရိယာ ၄၂၉၈၄၅ ဒသမ ၂၉၃ ဧက၊ ကော်မတီနှစ်ရပ်ပေါင်း စွန့်လွှတ်မြေစုစုပေါင်း ဧရိယာမှာ ၅၇၀၁၃၅ ဒသမ ၁၁၀၆ ဧကဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ယခင်အစိုးရလက်ထက်တွင် သက်ဆိုင်သူများသို့ လွှဲပြောင်းပေးအပ်ရန် ကျန်မြေများနှင့် ယခုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီလက်ထက် သက်ဆိုင်သူများသို့ လွှဲပြောင်းပေးအပ်ရမည့် မြေများအား သက်ဆိုင်သူများထံ အမြန်ဆုံးရောက်ရှိရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး ကာယကံရှင်များအား ပြန်လည်ပေးအပ်ပွဲ အခမ်းအနားများဖြင့် လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

စွန့်လွှတ်မြေများနှင့် ပတ်သက်၍ (၅/  ၂၀၁၆)မှ (၃၀-၁၁-၂၀၁၇) အတွင်း သက်ဆိုင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့သည့် စာရင်းမှာ တောင်သူ ၁၆၃၄ ဦးထံ မြေဧက ၉၀၄၇ ဒသမ ၅၁၇ ဧက လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်  ပါရှိသည်။

ထို့ပြင် ဗဟိုကော်မတီက မြေသိမ်းဆည်းခံရ၍ အမှန်တကယ်နစ်နာသူ ပြည်သူများအနေဖြင့် မိမိတို့သိမ်းဆည်းခံခဲ့ရသည့် မြေများသည် ပြန်လည်စွန့်လွှတ်သောမြေများတွင် ပါဝင်ခြင်းရှိ၊ မရှိ သက်ဆိုင်ရာမြို့နယ်နှင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီရုံးများတွင် စုံစမ်းပြီး ပြန်လည်စွန့်လွှတ်မြေများတွင် ပါဝင်ပါက သက်ဆိုင်ရာလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီရုံးများထံ မြေပိုင်ဆိုင်ခွင့် အထောက်အထားများနှင့်တကွ ခိုင်ခိုင်မာမာ လွှဲပြောင်းရယူကြရန် သတင်းထုတ်ပြန်ထားသည်။