တနင်္သာရီ အပတ်စဉ်ဂျာနယ်ပါ ‘မဲဆွယ်အပြုံး’ သရော်စာနှင့်ပတ်သက်၍ တာဝန်ခံအယ်ဒီတာအား ထားဝယ်မြို့မ ရဲစခန်းသို့ခေါ်ယူစစ်ဆေး

တနင်္သာရီ အပတ်စဉ်ဂျာနယ်ပါ ‘မဲဆွယ်အပြုံး’ သရော်စာနှင့်ပတ်သက်၍ တာဝန်ခံအယ်ဒီတာအား ထားဝယ်မြို့မ ရဲစခန်းသို့ခေါ်ယူစစ်ဆေး
Published 7 December 2017

တနင်္သာရီတိုင်းဒေသကြီးအတွင်း အခြေစိုက် ထုတ်ဝေနေသည့် တနင်္သာရီ အပတ်စဉ်ဂျာနယ်ပါ ‘မဲဆွယ်အပြုံး’ သရော်စာနှင့်ပတ်သက်၍ တာဝန်ခံအယ်ဒီတာအား ထားဝယ်မြို့မရဲစခန်း၌ ဒီဇင်ဘာ ၆ ရက်က နှစ်နာရီခန့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် အခြေစိုက်ထားသည့် တနင်္သာရီ အပတ်စဉ်ဂျာနယ်မှ နိုဝင်ဘာ ၂၀ ရက်ထုတ် ဂျာနယ်တွင်ပါရှိသော စာရေးသူ ကလောင်အမည် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ သရော်စာအတွင်း ရေးသားဖော်ပြထားချက်များမှာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော စာသာများပါဝင်နေသည်ဟုဆိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တရားစွဲဆိုရန် ညွှန်ကြားချက်အရ အစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ တနင်္သာရီ အပတ်စဉ်ဂျာနယ်၏ တာဝန်ခံအယ်ဒီတာကို သတင်းမီဒီယာဥပဒေဖြင့် အရေးယူပေးရန် ထားဝယ်မြို့နယ်တရားရုံး၌ နိုဝင်ဘာ ၂၃ ရက်က ဦးတိုက် လျှောက်ထားခဲ့ကြောင်း၊ ဦးတိုက်လျှောက်ထားခဲ့သည့် လျှောက်လွှာပါ အချက်အလက်များနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေး၍ လာမည့်ဒီဇင်ဘာ ၇ ရက်တွင် တင်ပြပေးရန် ထားဝယ်မြို့မ ရဲစခန်းမှူးထံ တရားရုံးက စာထုတ်အကြောင်းကြားခဲ့ပြီးနောက် ဂျာနယ်တာဝန်ခံအယ်ဒီတာကို ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ စစ်ဆေးတာကတော့ တရားရုံးကနေ ပေးပို့လာတဲ့ ဦးတိုက်လျှောက်လွှာပါ အချက်တွေအပေါ်မှာ ဦးတိုက်လျှောက်ထားခံရသူကို စစ်ဆေးမေးမြန်းတာပါပဲ။ ကျွန်တော်တို့ စစ်ဆေးရရှိချက်ကို မနက်ဖြန်မှာ မြို့နယ်တရားရုံးဆီ တင်ပြပေးရမှာပါ။ ဒါက လုပ်ရိုးလုပ်စဉ် သဘောတရားအရပါပဲ” ဟု ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ပြောကြားသည်။

ယင်းသရော်စာအမှုနှင့်ပတ်သက်၍ ထားဝယ်မြို့မရဲစခန်းက လာရောက် စစ်ဆေးမှုခံယူရန် ဒီဇင်ဘာ ၁ ရက်က ဆင့်ခေါ်ခဲ့သော်လည်း ၎င်းမှာ ခရီးလွန်နေသဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ ဒီဇင်ဘာ ၆ ရက်တွင် ကိုယ်တိုင်သွားရောက်၍ စစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်ပြီး နှစ်နာရီခန့် စစ်ဆေးခဲ့သည်ဟု တနင်္သာရီ အပတ်စဉ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောကြားသည်။

“ရဲစခန်းက မေးတာကတော့ တိုင်းအစိုးရအဖွဲ့က ဦးအေးလူတိုင်ကြားထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ တစ်ချက်ချင်း စစ်ဆေးတာပေါ့။ အဓိက,က ဝန်ကြီးချုပ်နဲ့ သူ့မိသားစုရဲ့သိက္ခာရယ်၊ တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အပုပ်ချတယ်၊ ထိပါးတယ်ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တင်ပြထားတာ ရှိတယ်ပေါ့။ အဲဒီအချက်တွေအတွက် ဖြေရှင်းချက်တွေကို စစ်ဆေးပြီး မှတ်တမ်းယူတယ်။ သရော်စာဖော်ပြမှုနဲ့ ရည်ရွယ်ချက်တွေ မေးတယ်။ ကျွန်တော့်အနေနဲ့ကတော့ သရော်စာသည် ခေတ်ရဲ့လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အဖြစ်အပျက်တွေနဲ့ ပတ်သက်၍ ဇာတ်ကောင်တွေနဲ့ ဟာသရသတွေအဖြစ် စုစည်းထည့်သွင်း ရေးသားထားတာဖြစ်တယ်။ ဒီစာထဲမှာ တနင်္သာရီတိုင်းဆိုတဲ့ စကားရပ်မပါဘူး။ ဒါကြောင့် လူတစ်ဦးတစ်ယောက်၊ အစုအဖွဲ့တစ်ခုကို ရည်ညွှန်းတယ်လို့ ကောက်ချက်ဆွဲလို့မရဘူး။ ရုပ်ပုံဖော်ပြမှုနဲ့ ပတ်သက်ပြီး စစ်တဲ့အခါမှာလည်း ဝတဲ့လူဆိုတာ အများကြီးပဲပေါ့။ တနင်္သာရီတိုင်းထဲမှာရော မြန်မာပြည်ထဲမှာပါ ဝတဲ့အုပ်ချုပ်ရေးမှူးတွေ အများကြီးရှိတယ်။ အခုတော့ တရားရုံးက ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီး ရှေ့ဆက် ဘယ်လိုလုပ်မယ် ဆုံးဖြတ်သွားမယ်” ဟု တရားရုံး၌ ဦးတိုက်လျှောက်ထားခြင်းခံရသည့် တနင်္သာရီ အပတ်စဉ်ဂျာနယ်တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောကြားသည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်ပါ ‘မဲဆွယ်အပြုံး’ သရော်စာနှင့်ပတ်သက်၍ ထားဝယ်မြို့မရဲစခန်းက စစ်ဆေးရာတွင် ဂျာနယ်တိုက်၏လုပ်ငန်းနှင့် လည်ပတ်ပုံ၊ ဖွဲ့စည်းပုံတို့ကို မေးမြန်းခဲ့ပြီး ကိုယ်ရေးအချက်အလက်များကိုလည်း မေးမြန်းခဲ့ကြောင်း၊ သရော်စာ သဘောတရားအရ လူတစ်ဦးတစ်ယောက်၊ အစုအဖွဲ့တစ်ခုကို ထိခိုက်သည်ဟုဆိုကာ ကောက်ချက်ဆွဲ၍မရကြောင်း၊ လက်ရှိတွင် တရားရုံး၌ ဦးတိုက်လျှောက်ထားသည့် အမှုနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုအချို့ ပြုလုပ်ထားကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

ရဲစခန်းက ၎င်းအား ခေါ်ယူစစ်ဆေးရာတွင် စာရေးသူကလောင်အမည် မူးဆေးအိုး ဆိုသူကို ဖော်ပြပေးရန် ရဲတပ်ဖွဲ့ဘက်က တောင်းဆိုခဲ့သော်လည်း ၎င်းအနေဖြင့် သတင်းမီဒီယာကျင့်ဝတ်အရ စာရေးသူကို မဖော်ပြနိုင်ဟု ပြောကြားခဲ့ကြောင်း၊ နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ‘မဲဆွယ်အပြုံး’ သရော်စာအပြင် ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က ထုတ်ဝေခဲ့သည့် တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ ၄ အမှတ် ၅၁ ၏ စာမျက်နှာ ၁၇ တွင်ပါရှိသော ကလောင်အမည် မူးဆေးအိုး ရေးသားထားသည့် ‘ကွက်လပ်တိုင်းဌာနီ’ ခေါင်းစဉ်ပါ သရော်စာနှင့်ပတ်သက်၍လည်း သရော်စာအတွင်း ပါဝင်သည့် ‘တိုင်းအုပ်ချုပ်ရေးမှူး’ ဆိုသည့် စကားရပ်မှာ မည်သူ့ကို ရည်ညွှန်းကြောင်း စစ်ဆေးမေးမြန်းခဲ့ပြီး ၎င်းအနေဖြင့် သရော်စာပါခေါင်းစဉ်မှာ ‘ကွက်လပ်တိုင်းဌာနီ’ ဖြစ်သည့်အတွက် မည်သူ့ကို ရည်ညွှန်းသည်ဆိုသည်ကို ပြော၍မရကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် သရော်စာအတွင်း ရေးသားဖော်ပြထားမှုများမှာ ၎င်း၏ဂုဏ်သိက္ခာနှင့် မိသားစုကို ထိခိုက်သည်ဟုဆို၍ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တရားစွဲဆိုစေခြင်းနှင့်ပတ်သက်၍ သရော်စာအပေါ်တွင် ၎င်း (ဝန်ကြီးချုပ်) ၏ရှုမြင်မှုမှာ မကွဲပြားသည့်ရှုမြင်မှု၊ မတူညီသည့် ချဉ်းကပ်ပုံနှင့် မတူညီသည့် သုံးသပ်ချက်များကြောင့် ဖြစ်နိုင်ကြောင်း၊ လူတစ်ဦးနှင့် တစ်ဦးရှုမြင်ပုံ မတူညီသည့်အတွက် ယင်းအပေါ်တွင် ကွဲပြား၍ ရှုမြင်ပိုင်ခွင့်ရှိသောကြောင့် ၎င်းအနေဖြင့် အသိအမှတ်ပြုပြီး မည်သို့မျှဝေဖန်၍ မပြောချင်ကြောင်း ဦးမျိုးအောင်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ‘မဲဆွယ်အပြုံး’ သရော်စာနှင့် ပတ်သက်၍ အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို ထားဝယ်မြို့နယ် တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် ၂၂၁၅/ ၂၀၁၇ ဖြင့် အမှုလက်ခံထားသော်လည်း လက်ရှိအချိန်တွင် မည်သည့်ဥပဒေပုဒ်မများဖြင့် အရေးယူရမည်ကို မဆုံးဖြတ်ရသေးကြောင်း၊ မြို့မရဲစခန်းဆီမှ တင်ပြလာသည့် အချက်အလက်များအပေါ် မူတည်၍ မည်သည့်ဥပဒေဖြင့် အရေးယူမည်၊ မယူမည်ကို ဆုံးဖြတ်သွားမည်ဖြစ်ပြီး ထိုအချိန်မှသာ ဦးတိုက်လျှောက်ခံရသူကို တရားရုံးသို့ အမှုကြားနာရန်အတွက် လာရောက်ရန် အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောကြားထားသည်။

နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ်ဂျာနယ် စာမျက်နှာ ၁၄ တွင် ဖော်ပြပါရှိသည့် ‘မဲဆွယ်အပြုံး’ သရော်စာဆောင်းပါးအတွင်း အုပ်ချုပ်ရေးမှူးများ ပြန်ရွေးတော့မည့် အကြောင်းနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်အရွေးခံမည့် ‘ရှင်ဂွမ်းဂွိ’ အကြောင်းရေးသားထားခြင်းဖြစ်ကြောင်း၊ သရော်စာအတွင်း၌ လက်ရှိအုပ်ချုပ်ရေးမှူး ‘ရှင်ဂွမ်းဂွိ’ ၏ တာဝန်ထမ်းဆောင်စဉ် ဆောင်ရွက်မှုများနှင့် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပုံများကို သရော်စာအနေဖြင့် ဖော်ပြရေးသားထားခဲ့ခြင်းဖြစ်ကာ ၎င်းသရော်စာပါ အချက်အလက်များမှာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ မိသားစုကို ထိခိုက်စော်ကားသည့် စာသားများ ပါဝင်သောကြောင့် သတင်းမီဒီယာဥပဒေဖြင့် အရေးယူပေးရန် ထားဝယ်မြို့နယ် တရားရုံး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသရော်စာအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ အမည်နှင့် အစိုးရအဖွဲ့ကို ကိုယ်စားပြုသည့် စကားလုံးများ မပါဝင်ဘဲ သရော်စာ ထည့်သွင်းဖော်ပြခဲ့သည့် ဂျာနယ်အား တရားစွဲဆိုရန် ဦးတိုက်လျှောက်ထားမှုအပေါ် စာဖတ်သူပြည်သူများအကြား ဝေဖန်မှု မြင့်တက်နေကြောင်း သိရသည်။