<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ဖားကန့်ဒေသတွင် စုပေါင်းမြေစာပုံအဖြစ် သတ်မှတ်မထားသည့်အပြင် မိုးတွင်းအခါ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်နေရာ၌ မြေစာစွန့်ပစ်နေသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးနေ

ဗလခကျေးရွာထိပ်ရှိ ရေကန်အတွင်း မြောစာများစွန့်ပစ်ထားသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်

ဖားကန့်ဒေသတွင် စုပေါင်းမြေစာပုံအဖြစ် သတ်မှတ်မထားသည့်အပြင် မိုးတွင်းအခါ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်နေရာ၌ မြေစာစွန့်ပစ်နေသည့် အခြေအနေအား သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ မြေစာစွန့်ပစ်မှုမှာ ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ ဗလခကျေးရွာ အထက်ဘက်ရှိ ရေကန်ကြီးအတွင်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလေးခုမှ မြေစာစွန့်ပစ်နေခြင်းဖြစ်ကြောင်း၊ ယင်းမြေစာစွန့်ပစ်သည့်နေရာမှာ ဖားကန့်ရတနာမြေအတွင်း မြေစာစွန့်ပစ်ရန် တရားဝင် သတ်မှတ်ထားသည့် စုပေါင်းမြေစာပုံ (၁၁) ပုံတွင် မပါဝင်ကြောင်း သိရသည်။

ယင်းသို့ မြေစာစွန့်ပစ်နေမှုနှင့် ပတ်သက်၍ ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြေစာစွန့်ပစ်မှုအား ရပ်တန့်တားဆီးပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပြောကြားခဲ့ရာ အဆိုပါ အခြေအနေနှင့်ပတ်သက်၍ လက်ရှိတွင် သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဦးတင့်စိုးက ပြောကြားသည်။

“ရေလှောင်ဧရိယာက နည်းတာ မဟုတ်ဘူး။ ၁၀ ဧကလောက်ရှိတယ်။ အဲဒီထဲမှာ ဆိုက်လေးဆိုက်လောက် ပစ်နေတယ်လို့ သိရတယ်။ ဒီကိစ္စကိုသိတာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်စွာအောင်ကို လှမ်းပြောပါတယ်။ ကျော်စွာအောင်ကလည်း ဟုတ်ကဲ့၊ သူလုပ်ပါမယ်ဆိုပြီး အမိန့်စာ ထွက်လိုက်ပြီးပြီတဲ့။ ကျောက်စိမ်းရုံးကိုလည်း သူလှမ်းပြောထားပါတယ်တဲ့။ ဒီလိုပြောပြီးတာတောင် ဆက်ပြီးသွန်နေတုန်းဆိုတာ သိရပါတယ်။ အဲဒီလို သွန်နေတုန်းဆိုတာ သိရတဲ့အတွက် ကျော်စွာအောင်ကို ထပ်ပြီး လှမ်းပြောပါတယ်။ ဒီတော့ ဒုဦးစီးတစ်ယောက်ကိုလည်း ကွင်းဆင်းခိုင်းထားပြီး မနေ့က လိုက်စစ်နေတယ်လို့ သိရတယ်။ ဒီကိစ္စက အရေးကြီးပါတယ်။ ဦးလေးကိုယ်တိုင် ကွင်းဆင်းကြည့်ခဲ့ပြီးပြီ။ နဂိုတုန်းက ချောင်းပေါက်ရာက မရှိတော့ဘဲနဲ့ အဲဒါကြီးသာ သွန်ပြီးပြည့်သွားပြီ ဆိုလို့ရှိရင် အထက်ဘက်က ထွက်လာတဲ့ရေအားလုံးက ဗလခရွာထဲကို သွားလိုက်တော့မှာပဲ။ ရေတင်မဟုတ်ဘူး၊ မြေစာတွေပါ အကုန်နစ်မှာ။ သေမှာ။ တကယ်လည်း အသက်အန္တရာယ် ဖြစ်နိုင်တဲ့အနေအထား ရှိနေတယ်။ ဦးလေးလည်း ဒါကြောင့် နှစ်ခါ၊ သုံးခါ လှမ်းပြောပြီးပြီ။ ဒါကို မလုပ်ဘူးဆိုရင်တော့ ကျောက်စိမ်းရုံးမှာ အဓိက တာဝန်ရှိတယ်” ဟု ဦးတင့်စိုးက ပြောကြားသည်။

မိုးရာသီတွင် အထက်ဘက်မှ စီးဆင်းလာသည့် တောင်ကျချောင်းရေများအား လက်ရှိရေကန်ကြီးမှ ထိန်းသိမ်းထားနိုင်ပြီး ရေထွက်ပေါက်မှတစ်ဆင့် ရေပြန်လည်ထွက်ရှိသည့်အတွက် ဘေးအန္တရာယ် မများကြောင်း၊ မြေစာများဖို့၍ ရေထွက်ပေါက် ပိတ်ဆို့သွားခဲ့ပါက လက်ရှိရေကန်နှင့် ဆက်စပ်နေသည့် ဗလခကျေးရွာနှင့် တောင်ပြို ကျေးရွာတို့မှာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“ထွေအုပ်က လှမ်းပိတ်ထားတယ်တော့ ကြားတယ်။ မနေ့ညက အထိတော့ ကားတွေက သွန်နေတာပဲ။ အဲဒီကန်ထဲမှာ ဂျိတ်ပါဝါရယ်၊ စိမ်းအောင်ရယ်၊ အကျိုးတူရယ်၊ ယူနတီရယ် ဆိုက်လေးဆိုက် ပစ်နေတယ်။ ဒီကန်ကြီးကို ဖို့လိုက်မယ်ဆိုရင် ရေလမ်းကြောင်း ပိတ်တယ်။ မိုးတွင်းမှာ ဆင်းလာမယ့် တောင်ကျရေက ထွက်ပေါက်မရှိတော့ဘူး။ ရွာနဲ့လွတ်အောင် တောင်ကျရေသွားလမ်း ဖောက်ပေးမယ်ဆိုတော့ အန္တရာယ်ကင်းရင် ကင်းနိုင်မယ်။ ဒီအတိုင်းပစ်ထားရင်တော့ ရွာနှစ်ရွာ အန္တရာယ်ရှိနိုင်တယ်။ အဓိကက တောင်ကျရေကို ကြောက်ရတာပဲ။ ရေကန်ကြီး ဒီအတိုင်းရှိနေတာက အန္တရာယ်မများဘူး။ ရေအားလုံးကို ထိန်းထားနိုင်ပြီး ပေါက်ထွက်မယ့် အခြေအနေ လုံးဝမရှိဘူး။ သက်တမ်းလည်း ကြာနေပြီ။ ရေထွက်ပေါက်ကလည်း ရှိတယ်ဆိုတော့ သူ့အတိုင်းအတာနဲ့ သူတော့ ဟုတ်နေတယ်” ဟု အေးမြသာယာ ကျေးရွာအုပ်စုမှ ဦးနောင်လတ်က ပြောကြားသည်။