ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ခြင်းမူဝါဒများမှ လက်တွေ့ဆောင်ရွက်ခြင်းဆိုင်ရာ သင်ခန်းစာများရရှိမှု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ခြင်းမူဝါဒများမှ လက်တွေ့ဆောင်ရွက်ခြင်းဆိုင်ရာ သင်ခန်းစာများရရှိမှု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Published 5 December 2017

နေပြည်တော်တွင်ပြုလုပ်သည့် ဘေးဒဏ်ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းတည်ဆောက်ခြင်းမူဝါဒများမှ လက်တွေ့ဆောင်ရွက်ခြင်းဆိုင်ရာ သင်ခန်းစာများရရှိ မှုအလုပ်ရုံဆွေးနွေးပွဲအား တွေ့ရစဉ်

ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်နေသော သဘာဝဘေးတုံ့ပြန်မှုနှင့် ပတ်သက်သည့် မူဝါဒများအပေါ် သုံးသပ်ဆွေးနွေးသည့် ဘေးဒဏ်ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းတည်ဆောက်ခြင်း မူဝါဒများမှ လက်တွေ့ဆောင်ရွက်ခြင်းဆိုင်ရာ သင်ခန်းစာများရရှိ မှုအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိသင်္ဂဟ ဟိုတယ်တွင် ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာနသုံးခုမှ သဘာဝဘေးနှင့် ပတ်သက်သည့်မူဝါဒများနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ရာတွင် တွေ့ရသည့် အားသာချက်အားနည်းချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ လက်တွေ့မြေပြင်တွင် အဓိကဆောင်ရွက်ရမည့် ကိစ္စများစသည့် အချက်သုံးချက်အပေါ်တွင် အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်ခြင်းဆိုင်ရာ မူဝါဒကနေ လက်တွေ့အကောင်အထည်ဖော်ရာကနေ ရရှိတဲ့သင်ခန်းစာတွေကို သက်ဆိုင်ရာကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေရဲ့ အတွေ့အကြုံ သတင်းအချက်အလက်တွေကို ဖလှယ်ပြီး ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်နဲ့ပတ်သက်လို့ ရှေ့ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို အဓိကထားဆွေးနွေးသွားဖို့ ရည်ရွယ်ပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။

မြန်မာနိုင်ငံသည်၂၀၁၆ တွင် ထုတ်ပြန်သည့် နိုင်ငံတကာစစ်တမ်းများအရ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတွင် အဆင့် ၁၅ ၌ ရှိနေသကဲ့သို့ အသင့်ဖြစ်မှုတွင်လည်း နိုင်ငံပေါင်း ၁၇၁ နိုင်ငံအနက် အဆင့်  ၁၅ တွင် ရပ်တည်လျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ သဘာဝဘေးဒဏ် ဖြစ်ပွားမှုတွင်လည်းအဆင့် ၄၀ ကျော်တွင် ရှိနေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးဝင်းထိန်ကျော်က ပြောကြားသည်။

ပြည်သူလူထုအနေဖြင့် သဘာဝဘေးဒဏ်နှင့် ပတ်သက်ပြီး ယခင်က သတိမပြုကြသော်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက် ခတ်ပြီးနောက်ပိုင်းတွင်မှ သတိပြုမိကြပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာကြကြောင်း၊ ဘေးအန္တရာယ်အသင့်ဖြစ်မှုတွင် ယခင်ထက် တဖြည်းဖြည်းတိုးတက်လာကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်ကျော်က ပြောကြားသည်။

“ကျွန်တော်တို့ အားစိုက်ဆောင်ရွက်ဖို့လိုတာက ဘေးအန္တရာယ်ကတားဆီးလို့ မရဘူး။ ကြိုတင်ပြင်ဆင်မှု၊ အဆင်သင့်ဖြစ်မှုနဲ့ ပြည်သူလူထုရဲ့အားနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတစ်ခုတည်းမှာလည်း တာဝန်ရှိတာ မဟုတ်ပါဘူး။ ဝန်ကြီးဌာနအားလုံးမှာ တာဝန်ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးဦးဝင်းထိန်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် သဘာဝဘေးအန္တရာယ် အားလုံးဖြစ်ပွားသည့် နိုင်ငံဖြစ်ကြောင်း၊ မြေငလျင်ဘေး၊ မီးဘေး၊ ရေဘေး၊ လေပြင်းမုန်တိုင်းဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေး၊ ဆူနာမီ၊ မုန်တိုင်းဒီရေဘေးစသည်တို့ အားလုံးဖြစ်ပွားကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆင့် ၂ ၊ ၃ ခန့် ရှိကြောင်း သိရသည်။