နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီးနှင့် အမျိုးသမီးတစ်ဦးကိုသတ်၍ ကားနောက်ဖုံး၌ ထည့်သွင်းထားသည့်ဖြစ်စဉ်မှ ပါဝင်သူနှစ်ဦးအား ဖမ်းဆီးထားပြီး အမှုကို စီအိုင်ဒီသို့လွှဲပြောင်း

နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီးနှင့် အမျိုးသမီးတစ်ဦးကိုသတ်၍ ကားနောက်ဖုံး၌ ထည့်သွင်းထားသည့်ဖြစ်စဉ်မှ ပါဝင်သူနှစ်ဦးအား ဖမ်းဆီးထားပြီး အမှုကို စီအိုင်ဒီသို့လွှဲပြောင်း
Published 2 December 2017

နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီးနှင့် အမျိုးသမီးတစ်ဦးအားသတ်ပြီး ကားနောက်ဖုံးတွင်း ထည့်ထားခဲ့သည့်ဖြစ်စဉ်မှ ပါဝင်သူနှစ်ဦးကို ဖမ်းဆီးရမိထားပြီး အမှုကိုစီအိုင်ဒီသို့ လွှဲပြောင်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“လူသတ်မှုရဲ့ အဓိကကျူးလွန်သူတွေကိုတော့ မမိသေးပါဘူး။ ပါဝင်ပတ်သက်သူနှစ်ဦးကိုတော့ ဖမ်းမိထားပါတယ်။ အမှုနဲ့ပတ်သက်ပြီး တရားခံအားလုံး ဖမ်းဆီးရမိဖို့အတွက် မိထားတဲ့နှစ်ဦးကို စီအိုင်ဒီလွှဲပြောင်းထားပါတယ်။ မန္တလေးကအိမ်မှာသတ်ပြီးတော့ အလောင်းတွေကိုကားထဲထည့် သယ်သွားတာဖြစ်ပါတယ်။ မိတ္ထီလာမှာ ကားအက်စီးဒင့်ဖြစ်ပြီး ကားထားခဲ့ပြီး ထွက်ပြေးသွားကြတာ။ အမှုကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဆဲဖြစ်လို့ ဘာကြောင့်သတ်တယ်ဆိုတာတွေ ပြောလို့မရသေးပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူသတ်မှုတွင် ပါဝင်ပတ်သက်သူဟု ယူဆရသူများကို မန္တလေးမြို့နှင့် အုတ်တွင်းမြို့များတွင် ဖမ်းဆီးရမိခဲ့ပြီး အဓိကကျူးလွန်သူများအား ဖမ်းမိနိုင်ရန် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

နိုဝ်၀င်ဘာ ၇ ရက်က မိတ္ထီလာမြို့၊ ရတနာမာရန်အောင် ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၃၃၇ အနီးရှိ လမ်းမအုတ်ခုံအား ကြယ်တံဆိပ်ပါကားတစ်စီးမှ ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ကားပေါ်ပါလာသူများက ဆင်းသွားပြီး ကားအားထားပစ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ကားကို ကားဝပ်ရှော့အပ်နှံထားခဲ့ရာ ကားအတွင်းမှ အပုပ်နံ့များထွက်ပေါ်လာသဖြင့် ဖွင့်ကြည့်ခဲ့ရာ ဦးခေါင်း၊ ပခုံး၊ လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ကားပေါ်တွင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ တပ်ပိုင်ယာဉ်ဟုရေးသားထားကာ သက်သေခံလက်မှတ်တစ်ခု၊ အမှတ် (၁) တပ်နယ်တံဆိပ်များကို တွေ့ရှိခဲ့ရသဖြင့် စုံစမ်းဆေးခဲ့ရာ သေဆုံးသူအမျိုးသားမှာ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အမှတ် (၁) နယ်မြေမှ ဗိုလ်ကြီးစိုင်းစိုးအောင် (၃၈ နှစ်) ဖြစ်ကာ အမျိုးသမီးမှာ မလင်းလင်း (၃၀ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မိတ္ထီလာမြို့မရဲစခန်းတွင် (ပ) ၄၇၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။