အခါမဲ့မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းမြို့နယ်တွင် ကုလားပဲစိုက်ခင်း ဧက ၄၂၀ ပျက်စီးဆုံးရှုံးကာ ပြန်လည်စိုက်ပျိုးရန် မျိုးစေ့မကျန်တော့၍ အခက်အခဲဖြစ်နေ

အခါမဲ့မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းမြို့နယ်တွင် ကုလားပဲစိုက်ခင်း ဧက ၄၂၀ ပျက်စီးဆုံးရှုံးကာ ပြန်လည်စိုက်ပျိုးရန် မျိုးစေ့မကျန်တော့၍ အခက်အခဲဖြစ်နေ
Published 1 December 2017

အခါမဲ့မိုးရွာသွန်းခဲ့မှုကြောင့် စစ်ကိုင်းမြို့နယ်တွင် ကုလားပဲ စိုက်ခင်းဧက ၄၂၀ ပျက်စီးဆုံးရှုံးခဲ့ကာ နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးရန်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း နိုဝင်ဘာ ၃၀ တွင် ဒေသခံ တောင်သူများထံမှ သိရသည်။

နိုဝင်ဘာ ၂၃၊ ၂၄ ရက်က အခါမဲ့မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းမြို့ ကျောင်းဖြူကျေးရွာကွင်းအမှတ် ၆၇၆၊ ၁၅၃၀၊ ၁၅၃၁၊ ၁၅၃၂၊ ၁၅၃၃ အတွင်းရှိ တောင်ရင်းကျေးရွာမှ တောင်သူ ၈၀ ကျော်၏ ကုလားပဲစိုက်ခင်းများ မိုးရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း သိရသည်။

“မြို့နယ်စီမံခန့်ခွဲမှုကော်မတီကို ကျွန်တော်တို့ အခက်အခဲတွေကို ကူညီပေးဖို့စာတင်ထားပါတယ်။ မြေစာရင်းဌာနက စာရေးတွေပဲ စာရင်းလာကောက်သွားပါသေးတယ်။ ကျန်တဲ့တာဝန်ရှိသူတွေတော့ မလာသေးပါဘူး။ ကျွန်တော်တို့ရွာက စုစုပေါင်းဧက ၄၂၀ ကျော် ပျက်စီးခဲ့ပါတယ်။ ခုထိ မိုးရေတွေက မထွက်သေးပါဘူး။ ခြေမျက်စိမြုပ်နေတုန်းပါ။ နှစ်လသားနီးပါးရှိတဲ့ ကုလားပဲပင်အားလုံး ရေမြုပ်ပျက်စီးကုန်တယ်။ မျိုးစေ့ကလည်း မကျန်တော့ဘူး။ မျိုးစေ့တစ်ပိုင်းကို ခုနစ်သောင်းခွဲ ပေါက်ဈေးရှိနေတယ်။ စိုက်ပျိုးစရိတ်ငွေကြေး အခက်အခဲနဲ့ မျိုးစေ့ဝယ်ဖို့ အခက်အခဲကြုံတွေ့နေပါတယ်” ဟု တောင်ရင်းကျေးရွာမှ တောင်သူ ကိုမောင်စန်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ရင်းကျေးရွာမှ တောင်သူ ၈၀ ကျော်နှင့် ပဒူ၊ ခက်ခကျေးရွာမှ သီးနှံများပျက်စီးဆုံးရှုံးခဲ့ရသော တောင်သူများက စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှု ကော်မတီသို့ စိုက်ပျိုးစရိတ်များ ထိခိုက်နစ်နာ ဆုံးရှုံးခြင်း၊ နောက်တစ်ကြိမ် စိုက်ပျိုးရန် စိုက်ပျိုးစရိတ်ငွေကြေး အခက်အခဲကြုံတွေ့နေခြင်း၊ ကုလားပဲမျိုးစေ့များ လိုအပ်နေခြင်း၊ စိုက်ပျိုးချိန်အမီရေများ စည်းကမ်းမဲ့ ထုတ်လွှတ်နေမှုများအား တားမြစ်ပေးရန်၊ ရေမြုပ်ပျက်စီး နစ်နာခဲ့သော တောင်သူများအား ပံ့ပိုးကူညီပေးရန် နိုဝင်ဘာ၂၆ က လတ်မှတ်ရေးထိုးတင်ပြထားကြောင်း သိရသည်။