တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ နေပြည်တော်၌တွေ့ဆုံ၍ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် အလားအလာများနှင့်ပတ်သက်၍ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ နေပြည်တော်၌တွေ့ဆုံ၍ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် အလားအလာများနှင့်ပတ်သက်၍ ဆွေးနွေး
Published 30 November 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌတို့ နေပြည်တော်၌ နိုဝင်ဘာ ၂၈ ရက်က တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား နေပြည်တော်၊ ဘုရင့်နောင်ဧည့်ရိပ်သာ ဧည့်ခန်းမဆောင်တွင် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တဒင်္ဂငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်းမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိ ရန်အတွက် ဆောင်ရွက်စဉ် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း အပြန်အလှန်ယုံ ကြည်မှု၊ နားလည်မှု၊ ကတိသစ္စာ တည်ကြည်မှု များနှင့် တွေ့ဆုံဆွေးနွေး၍ ကျော်လွှားကြရမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုတိုးတက်အောင်ဆောင်ရွက်နေမှု အခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ဆောင်ရွက်ရန် အခြေအနေများနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်နိုင်မည့် အလားအလာ အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက် ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း တက်ရောက်ကြောင်း သိရသည်။ကရင်အမျိုးသားအစည်းအရုံး (KNU) သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် နိုဝင်ဘာ ၂၇ ရက်ကကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သို့ တက်ရောက်ခဲ့သဖြင့် နေပြည်တော်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းထံ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းက ဆက်သွယ်ခဲ့ရာတွင် အနားယူနေသဖြင့် ၎င်း၏ ကိုယ်ရေးအရာရှိနှင့်သာ ဖုန်း အဆက်အသွယ်ရရှိသောကြောင့် အသေးစိတ်အခြေအနေများကို မေးမြန်းနိုင်ခြင်း မရှိပေ။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက မကြာခဏ တွေ့ဆုံလေ့ရှိသည့် အဖွဲ့ဖြစ်သည်။

ထို့ပြင် NCA ရေးထိုးထားပြီးနောက် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနက် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တပ်မတော်နှင့် အောက်ခြေတပ်များအကြား နယ်မြေကိစ္စ အငြင်းပွားမှုအချို့မှလွဲ၍ ကြီးမားသည့် တိုက်ပွဲဖြစ်ပွားမှုမရှိပေ။

ထို့အတူ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ခေါင်းဆောင်တာဝန်အား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကပင် ထမ်းဆောင်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် PPST အဖွဲ့သည် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်က နေပြည်တော်၌ နောက်ဆုံးတွေ့ဆုံထားသည်။