မင်းဘူးမြို့နယ်နှင့် ငဖဲမြို့နယ်အစပ်ရှိ ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်စဉ်ကြောင့် တရုတ်လူမျိုး အပါအဝင် လူရှစ်ဦးသေဆုံးခဲ့ပြီး သေဆုံးသည့်အလောင်းခြောက်လောင်း ဆယ်ထုတ်ရရှိ

မင်းဘူးမြို့နယ်နှင့် ငဖဲမြို့နယ်အစပ်ရှိ ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်စဉ်ကြောင့် တရုတ်လူမျိုး အပါအဝင် လူရှစ်ဦးသေဆုံးခဲ့ပြီး သေဆုံးသည့်အလောင်းခြောက်လောင်း ဆယ်ထုတ်ရရှိ
Published 29 November 2017

ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်စဉ်မှ သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် အခြားအလုပ်သမားများ စောင့်ဆိုင်းနေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်နှင့် ငဖဲမြို့နယ် အစပ်ရှိ ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်စဉ်ကြောင့် တရုတ်လူမျိုးအပါအဝင် ရှစ်ဦးသေဆုံးပြီး နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အထိ သေဆုံးသည့်အလောင်းခြောက်လောင်း ဆယ်ထုတ်ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။

ပြိုကျခဲ့သည့် ကျောက်မီးသွေးတွင်းသည် ရွှေစက်တော်ဘုရားနှင့် နှစ်မိုင်ခန့်အကွာ ရွှေစက်တော် ငဖဲမြေသားလမ်း၏ ဝဲဘက်နံဘေးရှိ ကျောက်တစ်လုံး ကျောက်မီးသွေးမှော်အတွင်း တည်ရှိကြောင်း မြေအောက် ပေ ၆၀၀ ခန့်အနက်ရှိ ယင်းကျောက်မီးသွေးတွင်း အတွင်းသို့ လေပေးပို့သည့်ပိုက်ပြတ်တောက်၍ မြေမပြိုစေရန် ထောက်ကန်ထားသောသစ်လုံးများ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ကျောက်မီးသွေးတွင်း အပြင်ဝအနီး လုပ်ငန်းလုပ်ကိုင်နေသည့် အလုပ်သမားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တွင်းပြိုကျမှုဖြစ်စဉ်ပြီးစ တွင်း၏အနီးဆုံးအပိုင်းသို့ ဝင်ရောက်ရှာဖွေရာမှ အခင်းဖြစ်ည ၁၀ နာရီခန့်တွင် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများ ဆယ်ထုတ်ရရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခန့်အထိ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀ ဦး ကျောက်မီးသွေးတွင်း အတွင်းသို့ ဝင်ရောက်ရှာဖွေရာမှ ဒုတိယအကြိမ် ရုပ်အလောင်းနှစ်လောင်း ထပ်မံဆယ်ထုတ်ရရှိခဲ့ကြောင်း၊ ထို့နောက် ညနေ ၅ နာရီခွဲခန့်တွင် တတိယအကြိမ် ရုပ်အလောင်းနှစ်လောင်း ထပ်မံဆယ်ထုတ်နိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသည့် ရုပ်အလောင်းနှစ်လောင်းအား ဆယ်ထုတ်နိုင်ရန်သည် တွင်း၏အတွင်းပိုင်းမြေသားများ ပြိုကျသည့်အနေအထားကြောင့် ခက်ခဲမည့်အခြေအနေရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက် နေသူများက ပြောကြားသည်။

“မနေ့က ညနေ ဦးလေးတို့က ကိုယ်ပိုင်တွင်းထဲမှာ တူးနေတုန်း ဒီဘက်ကုမ္ပဏီက တူးနေတဲ့ တွင်းကြီးဘက်က ပေါက်ကွဲသံ အကျယ်ကြီးကြားခဲ့ရပါတယ်။ ပထမတော့ ငါးတွေကို မိုင်းခွဲတယ်ထင်ပေမယ့် ပေါက်ကွဲသံက ကျယ်လွန်းတော့ တွင်းကြီးရှိတဲ့ဘက် လာကြည့်ကြပါတယ်။ ဖြစ်တာကတော့ တွင်းထဲကို လေပေးတဲ့ပိုက်ကြီးပြတ်ပြီး တွင်းရဲ့ အတွင်းနံရံတွေမပြိုအောင်ထောက်ထားတဲ့ ဒေါက်တွေလည်း ပြိုကျတယ်ပြောပါတယ်။ ပိုက်က ပြတ်ပြီး ဘေးကိုရမ်းရာက ဒေါက်တိုင်တွေပြိုကျတာလား၊ ဒေါက်တိုင်တွေပြိုကျရာက ပိုက်ပေါ်ပိမိပြတ်သွားတာလားတော့ မပြောတတ်ပါဘူး။ တွင်းထဲမှ ပေါက်ကွဲမှုကြောင့် မီးတွေ ပြတ်လည်းပြတ်ကုန်တော့ ဘာမှမမြင်ရလို့ မီးခြစ်ခြစ်လိုက်ရာက အတွင်းမှာပေါက်ကွဲမှု ဖြစ်တာမျိုးလည်းတွေးကြပါတယ်။ ကျောက်မီးသွေးကြောဆိုတော့ ရေနံစတွေလည်း တွေ့ထားတာတွေ ရှိပါတယ်”ဟု ကျောက်တစ်လုံး မှော်အတွင်း တစ်ပိုင်တစ်နိုင် ကျောက်မီးသွေး တူးသူတစ်ဦးက ပြောကြားသည်။

ပြိုကျခဲ့သည့် ကျောက်မီးသွေးတွင်း၏ အတွင်းပိုင်းအထိ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေသူတစ်ဦးက“အခုညနေ (နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီခွဲ) အထိ ကျွန်တော်တို့ ဆင်းလို့ရသလောက် မြေအောက် ပေ ၄၀၀ လောက်လို့ ခန့်မှန်းရပါတယ်။ တွင်းအနက်က ပေ ၆၀၀ ကျော်လောက်အထိ ရှိထားပါတယ်။ အခုနောက်ဆုံး အလောင်းနှစ်လောင်း ဆယ်ထုတ်လို့ရပေမယ့် နောက်ထပ် အနက်ပိုင်းကိုဆင်းဖို့က အခက်အခဲတွေရှိပါတယ်။ ပြိုကျထားတဲ့ မြေဇာတွေ ကျောက်တုံးတွေနဲ့ ဆင်းလိုက်ရမယ့်သူတွေအတွက် ဒေါက်တိုင်တွေ ခိုင်မာမှုရှိအောင် ပြန်ပြင်ရမှာတွေက ခက်ခဲမှာပါ”ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ ကျောက်မီးသွေး တွင်းလုပ်ကိုင်ခွင့်ရ ဟန်ထက်ကုမ္ပဏီ၏ တာဝန်ခံမန်နေဂျာ ဦးအောင်ကျော်လင်းက“အတွင်းကို လေပေးတဲ့ပိုက်က ပြတ်သွားတော့ အတွင်းကိုပေးတဲ့လေက အပြင်ပြန်ထွက်ပြီး ထွက်အားများသွားရာက စဖြစ်တယ်လို့ယူဆပါတယ်။ နီးစပ်ရာမြို့နယ်က မီးသတ်၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတွေ ဌာနဆိုင်ရာတွေက လာရောက်ကူညီပေးနေပါတယ်။ အောက်ကိုဆင်းပြီး ကူညီကယ်ဆယ်ရေးလုပ်နေသူတွေအတွက် ဒေါက်တွေပြန်ပြင်ပြီးမှ ဆင်းလို့ရပါတယ်။ သေဆုံးသွားသူတွေရဲ့ မိသားစုတွေအတွက် ကျွန်တော်တို့ ကူညီထောက်ပံ့မှုတွေလည်း ပေးသွားမှာပါ”ဟု ပြောကြားသည်။

အဆိုပါ မှော်အတွင်း ကျောက်မီးသွေးတွင်းကြီးနှစ်တွင်း တူးဖော်ထုတ်ယူလျက်ရှိကြောင်း၊ ယင်းမှော်တွင် မြန်မာလုပ်သား ၂၀ ကျော်နှင့် တရုတ်ပြည်မကြီးမှ လုပ်သားခုနစ်ဦး လုပ်ငန်းလုပ်ကိုင်ကြကြောင်း၊ သေဆုံးသူ ရှစ်ဦးတွင် တရုတ်လူမျိုးတစ်ဦး၊ တရုတ် မြန်မာ စကားပြန်တစ်ဦး၊ မြန်မာလုပ်သားခြောက်ဦး ပါဝင်ကြောင်း၊ နိုဝင်ဘာ ၂၈ ရက် ညနေ ၃ နာရီအထိ ဆယ်ထုတ်ရရှိသည့် ရုပ်အလောင်းများတွင် ယင်းမှော်အနီး အိုးမြေတွင်းကျေးရွာမှ သုံးဦးပါဝင်ပြီး နိုဝင်ဘာ ၂၈ ရက်တွင်ပင် အပြီးသြင်္ဂိုဟ်ခဲ့ကြောင်း၊ သေဆုံးသူများကို ငဖဲမြို့ ပြည်သူ့ဆေးရုံသို့ ပေးပို့ရင်ခွဲစစ်ဆေးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။