ဝန်ကြီးဌာနအသီးသီးတွင် ဘဏ္ဍာနှစ်တစ်ခုအတွင်းတည်ဆောက်မည့် ဗိသုကာပုံစံများကို ကြိုတင်ရေးဆွဲထားမှုမရှိဘဲ ဘဏ္ဍာနှစ်စတင်ချိန်မှသာ ရေးဆွဲခြင်းသည် တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ်ကို ကြန့်ကြာစေသည့် အချက်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

ဝန်ကြီးဌာနအသီးသီးတွင် ဘဏ္ဍာနှစ်တစ်ခုအတွင်းတည်ဆောက်မည့် ဗိသုကာပုံစံများကို ကြိုတင်ရေးဆွဲထားမှုမရှိဘဲ ဘဏ္ဍာနှစ်စတင်ချိန်မှသာ ရေးဆွဲခြင်းသည် တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ်ကို ကြန့်ကြာစေသည့် အချက်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား
Published 28 November 2017

ဝန်ကြီးဌာနအသီးသီးတွင် ဘဏ္ဍာနှစ်တစ်ခုအတွင်း တည်ဆောက်မည့်ဗိသုကာပုံစံများကို ကြိုတင်ရေးဆွဲထားမှုမရှိဘဲ ဘဏ္ဍာနှစ် စတင်ချိန်မှသာ ရေးဆွဲခြင်းသည် တင်ဒါ ခေါ်ယူသည့်လုပ်ငန်းစဉ်ကို ကြန့်ကြာစေသည့် အချက်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၁၄/၂၀၁၇)အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအ ပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးဌာနအသီးသီးမှာ အဓိကမှားယွင်းနေတဲ့အချက်တစ်ချက်ကတော့ ဘဏ္ဍာနှစ်တစ်ခုအတွင်းမှာ တည်ဆောက်မယ့် ဗိသုကာပုံစံတွေ Structure Drawing တွေဟာ ကြိုတင်ရေးဆွဲထားမှု မရှိခြင်းဘဲဖြစ်ပါ တယ်။ အဲဒီလိုရေးဆွဲထားမှု မရှိတဲ့အတွက် ဧပြီ ၁ ရက် ဘဏ္ဍာနှစ်စတော့မှ ပုံစံတွေကို ရေးဆွဲနေတဲ့အတွက် ပုံစံတွေရေးဆွဲဖို့ အချိန်ကို စောင့်ရခြင်းဟာလည်း တင်ဒါခေါ်ယူဖို့ လုပ်ငန်းစဉ်ကို ကြန့်ကြာစေတဲ့အချက်ဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ အကြံပြုဆွေးနွေးချင်တာကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအသီးသီးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အားလုံးဟာ လာမယ့် ခြောက်လဘတ်ဂျက်ဖြစ်တဲ့ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်မယ့် ဘတ်ဂျက်လုပ်ငန်းများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးတာနဲ့ ဗိသုကာပုံစံတွေ Structure Drawing တွေကို ကြိုတင်ဆွဲထားပြီးတော့ တင်ဒါခေါ်ယူဖို့ လုပ်ငန်းတွေကို ကြိုတင်ဆောင်ရွက်ထားသင့်ပါတယ်။ အလားတူ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ စက်တင်ဘာ ၃၀ ရက် အထိ ဆောင်ရွက်မယ့် စီမံကိန်းလုပ်ငန်းတွေကိုလည်း ပြည်ထောင်စုလွှတ်တော်က ရန်ပုံငွေကို အတည်ပြုပြီးတာနဲ့ ဗိသုကာပုံစံများ နှင့် Structure Drawing များကို ရေးဆွဲပြီးတော့ တင်ဒါခေါ်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ ဘတ်ဂျက်နှစ် စတင်တာနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဘဏ္ဍာနှစ်စတင်ပြီး ခြောက်လကျော်ကြာသည်အထိ အချို့နေရာများ၌ တင်ဒါများခေါ်ယူနေဆဲ၊ ရွေးချယ်နေဆဲဖြစ်ခြင်းကြောင့် နောက်ကျပြီး အသုံးစရိတ်များ တက်မလာခြင်းဖြစ်ကြောင်း တွေ့ ရှိရသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ထို့ပြင် ဝန်ကြီးဌာနအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ တင်ဒါရွေးချယ်ရေးကော်မတီသည် တင်ဒါရွေးချယ်သည့်အခါ နှစ်ဆင့်ရွေးချယ်သည့်နေရာတွင် လည်းကောင်း၊ အနိမ့်ဆုံးကြမ်းခင်းဈေးနှင့် အမြင့်ဆုံး ကြမ်းခင်းဈေးတို့ကို ကြိုတင်ကြေညာထားရန်လည်းကောင်း၊ Down Payment၂၀ ရာခိုင်နှုန်းပေးရန် ညွှန်ကြားထားသော်လည်း ပေးချေသည့် အခြေအနေတွင်လည်းကောင်း တစ်နေရာနှင့်တစ်နေရာ လုပ်ထုံးလုပ်နည်း မတူညီဘဲ ကွဲပြားစွာ ဆောင်ရွက်နေသည်ကို တွေ့ရှိရသောကြောင့် ကွဲပြားမှုများကို ညီညွတ်သွားအောင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ညွှန်ကြားချက်များ ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။