ဂျပန်ချေးငွေ ယန်းသုံးဘီလျံကျော် အသုံးပြုခဲ့သည့် သီလဝါဓာတ်အားခွဲရုံနှင့် သန်လျင်-သီလဝါ ဓာတ်အားလိုင်း စီမံကိန်း ပြီးစီး

ဂျပန်ချေးငွေ ယန်းသုံးဘီလျံကျော် အသုံးပြုခဲ့သည့် သီလဝါဓာတ်အားခွဲရုံနှင့် သန်လျင်-သီလဝါ ဓာတ်အားလိုင်း စီမံကိန်း ပြီးစီး
Published 28 November 2017

ဂျပန်ချေးငွေ ယန်းသုံးဘီလျံကျော် အသုံးပြုခဲ့သည့် သီလဝါ ဓာတ်အားခွဲရုံနှင့် သန်လျင်-သီလဝါ ဓာတ်အားလိုင်းစီမံကိန်း ပြီးစီးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၃၀/၃၃/၁၁ ကေဗွီ သီလဝါဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ သန်လျင်-သီလဝါ ဓာတ်အားလိုင်း (၁၀ ဒသမ ၀၇) မိုင်အား  Toenec Corporation မှတည်ဆောက်ရေး လုပ်ငန်းများကို ယခုလ သုံးပတ်မြောက်တွင် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှ စတင်တည်ဆောက်ခဲ့သည့် ယင်းစီမံကိန်းမှာ ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း  ကုန်ကျစရိတ်စုစုပေါင်းမှာ ဂျပန် ယန်း ၃၁၄၇ သန်းဖြစ်ကြောင်း၊ လက်ရှိတွင် ဓာတ်အားပို့ လွှတ်ခြင်းများ စတင်ဆောင်ရွက်ခဲ့ကာ သီလဝါ အထူးစီးပွားရေးဇုန်နှင့် အနီးတစ်ဝိုက်ဒေသများ ဓာတ်အားဖြန့်ဖြူးရေးအတွက် အထောက်အကူပြုမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားပေးစက်ရုံ စီမံကိန်းအများအပြား အကောင်အထည်ဖော်လျက်ရှိပြီး ယင်းစီမံကိန်းများအနက်မှ ရန်ကုန်တိုင်းဒေသကြီးရှိ သာကေတ ၁၀၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုတည်ဆောက်နေပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ဓာတ်အားပို့လွှတ်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။