ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာနတွင် ရိတ်သိမ်းခြွေလှေ့စက် အနည်းငယ်သာရှိပြီး ရိတ်သိမ်းလိုသည့် မိုးစပါးခင်းအရေအတွက် အဆမတန်များပြားနေမှုကြောင့် အချိန်မီရိတ်သိမ်းခွင့်မရသည့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်

ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာနတွင် ရိတ်သိမ်းခြွေလှေ့စက် အနည်းငယ်သာရှိပြီး ရိတ်သိမ်းလိုသည့် မိုးစပါးခင်းအရေအတွက် အဆမတန်များပြားနေမှုကြောင့် အချိန်မီရိတ်သိမ်းခွင့်မရသည့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်
Published 24 November 2017

ပြည်မြို့နယ်တွင်းရှိ ရိတ်သိမ်းချိန်ကျော်လွန်နေသည့် စပါးခင်းများကို နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင် စက်မှုလယ်ယာဦးစီးဌာနတွင် ရိတ်သိမ်းခြွေလှေ့စက် အနည်းငယ်သာရှိပြီး မိုးစပါးခင်းအရေအတွက်မှာ အဆမတန်များပြားနေမှုကြောင့် အချိန်မီရိတ်သိမ်းခွင့် မရသည့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားနေကြောင်း၊ ပြည်ခရိုင်အတွင်း စက်မှုလယ်ယာဦးစီးဌာနတွင် စပါးရိတ်သိမ်းခြွေလှေ့စက် ၂၃ စီး သာရှိပြီး ခရိုင်အတွင်း မိုးစပါးစိုက် ဧကမှာ ၃၈၃၃၁၅ ရှိနေခြင်းကြောင့် ရာသီချိန်အမီ ရိတ်သိမ်းချင်သူများပြားကာ စပါးခင်းများ ကျွမ်းခြင်း၊ လဲကျခြင်း၊ အလေးချိန် လျော့ကျခြင်းများတွေ့နေရကြောင်း သိရသည်။

“ကျွန်တော်တို့ ခရိုင်အနေနဲ့ကတော့ လက်ရှိစိုက်ဧကနဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့က တင်ပြထားတယ်။ စစ်တမ်းတွေ ကောက်ပြီးတော့ပေါ့။ ရိတ်စက်မှမဟုတ်ပါဘူး။ ထွန်စက်တွေရော တင်ပြထားတာရှိပါတယ်” ဟု စက်မှုလယ်ယာဦးစီးဌာန ပြည်ခရိုင် ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြိုင်က ပြောကြားသည်။

ရိတ်သိမ်းခြွေလှေ့စက် တစ်စီးလျှင် တစ်ရာသီဧက ၃၀၀ ရိတ်သိမ်းနိုင်ပြီး စက်မှုလယ်ယာအနေဖြင့် ဧက ၇၀၀၀ ခန့်သာရိတ်သိမ်းနိုင်ကြောင့် စက်မလုံလောက်မှုများ ဖြေရှင်းနိုင်ရန်အတွက် တောင်သူလယ်သမားများအား ရိတ်သိမ်းခြွေလှေ့စက် အရစ်ကျရောင်းချခြင်းများကို ကုမ္ပဏီများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးနေသော်လည်း လိုအပ်ချက်များ ရှိနေကြောင်း ဦးလှမြိုင်က ပြောကြားသည်။

“ဒေါ်ဒေါ်တို့ကတော့ ရိတ်ချင်နေတာ မရိတ်ရဘူးဖြစ်နေတယ်။ စက်က အခက်အခဲ ဖြစ်နေလို့ပဲ။ ကွင်းနှစ်ကွင်းရှိတယ်။ မြောက်ကွင်းတွေက ကျွမ်းကုန်ပြီ။ တချို့တွေလည်း မှည့်တဲ့သူတွေရှိတယ်။ စက်မရောက်သေးလို့ မရိတ်ကြရတဲ့ သူတွေရှိပါတယ်။ အရင်ကတော့ အဲဒီလို မဖြစ်ဘူး။ ရက်ကွာလည်း တစ်ရက်၊ နှစ်ရက်ပါပဲ။ ဒီနှစ်မှာ အခက်အခဲဖြစ်နေပါတယ်။ ဒေါ်လေးတို့ပြောချင်တာက ရိတ်ချင်နေပြီ၊ အကျွမ်းဘက်ပါနေပြီ၊ ကျကုန်ပြီ။ ဆုံးရှုံးမှုကတော့ တော်တော်လေး ဆုံးရှုံးမယ်။ ၁၅ ပြည်နဲ့ ပေါင်၅၀ ပြည့်မှာကို ၁၆ ပြည်၊ ၁၇ ပြည်မှ ပေါင် ၅၀ ပြည့်တော့မယ်။ အခြောက်ဘက် ရောက်သွားတော့ ပေါ့သွားပြီး ကတ္တားမကိုက်တော့ဘူး။ ဒီထက်စောင့်ရရင် ဒီထက်ပိုဆိုးဖို့ပဲရှိပါတယ်။ မြောက်ဘက်က ကွင်းကတော့ တော်တော်ကြီးကျွမ်းပြီး လဲဖို့ပဲရှိပါတော့တယ်” ဟု ပျဉ်းမအိုင်ကျေးရွာမှ ဒေါ်ခင်သိန်းက ပြောကြားသည်။

အချိန်မီ ရိတ်သိမ်းနိုင်ရန်အတွက် ပြင်ပစက်ပိုင်ရှင်များထံတွင် ငှားရမ်းမှုများ ရှိနေပြီး ငှားရမ်းခမှာ ရိတ်သိမ်းချိန်ဖြစ်၍ ဈေးနှုန်းမြင့်တက်နေသော်လည်း လိုက်မည့်စက်မရှိကြောင်း၊ အရစ်ကျ ရောင်းချပေးနေသော်လည်း ရိတ်သိမ်းခြွေလှေ့စက် တစ်စီးတန်ဖိုးမှာ ကျပ်သိန်း ၄၀၀ ဝန်းကျင်တွင်ရှိနေ၍ တတ်နိုင်သူရှားပါးကြောင်း၊ ရာသီဥတုမှာလည်း မိုးရွာနိုင်သည့် အခြေအနေကြောင့် စိုးရိမ်နေရကြောင်း လုပ်သားရှားပါးမှုနှင့် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် စိုက်ကွင်းအချို့တွင်သာ ကောက်ရိတ်သူများကိုသာ အသုံးပြုကြတော့ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။