၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံထားရသူက ရန်ကုန်မြို့ မြို့နယ် ၁၁ ခုတွင် ဆန္ဒမထုတ်ဖော်ရန် တားမြစ်ခြင်းသည် ဒီမိုကရေစီမဟုတ်ဟု ဝေဖန်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံထားရသူက ရန်ကုန်မြို့ မြို့နယ် ၁၁ ခုတွင် ဆန္ဒမထုတ်ဖော်ရန် တားမြစ်ခြင်းသည် ဒီမိုကရေစီမဟုတ်ဟု ဝေဖန်
Published 22 November 2017

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးဖျက်သိမ်းပေးရန် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာ ၃၀ ရက်က ပြုလုပ်စဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံး ဖျက်သိမ်းပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ငြိမ်း၊ စု၊ စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲခံထားရသူ ဦးမိုးသူက ဆန္ဒထုတ်ဖော်ခွင့်ပိတ်ပင်ခြင်းသည် ဒီမိုကရေစီ မဟုတ်ကြောင်း နိုဝင်ဘာ ၂၁ ရက်က ၎င်း၏ရုံးချိန်းတွင် ပြောကြားသည်။

ရန်ကုန်တိုင်းအစိုးရက မြို့နယ် ၁၁ မြို့ နယ်တွင် ဆန္ဒထုတ်ဖော်မည့်သူများကို တာမွေဟစ်တိုင်တွင်သာ ဆန္ဒထုတ်ဖော်ရန် နိုဝင် ဘာ ၇ ရက်က သက်ဆိုင်ရာမြို့နယ်များသို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးမိုးသူက ထိုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်ထဲမှာရှိနေတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်ပြောခဲ့တဲ့ စကား ငြိမ်း၊ စု၊ စီ ပုဒ်မနဲ့ပတ်သက်ပြီးတော့မှပေါ့နော်။ ဥပဒေပြဋ္ဌာန်းထားတာလေးက ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ တက်ကြွ လှုပ်ရှားသူတွေ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေ အကြောင်းကြားစာလေးပို့ရုံနဲ့ ဆန္ဒပြပိုင်ခွင့်ရှိတယ်လို့ပြောတယ်။ အခုမကြာသေးခင်က ဆန္ဒပြပိုင်ခွင့် မရှိတော့ဘူးတဲ့။ ကျွန်တော်တို့က ဘယ်ဥပဒေကို ယုံရတော့မှာလဲ” ဟု ဦးမိုးသူက ရုံးထုတ်စဉ် ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများအနေဖြင့် အများ ပြည်သူ သိရှိစေရန်ပြုလုပ်ခြင်းဖြစ်ပြီး မည်သူမျှမရှိသည့်နေရာတွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်မည်မဟုတ်ကြောင်း၊ ဒီမိုကရေစီအစိုးရအနေဖြင့် အခြေခံ စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီမိုကရေစီ စံချိန်စံညွန်းနဲ့မညီတဲ့ အလုပ်တွေမလုပ်ပါနဲ့။ ဟိုနားမှာဆန္ဒမပြနဲ့ ဒီနားမှာဆန္ဒမပြနဲ့ ဟစ်တိုင်မှာသွားပြ။ အုတ်နံရံ လေးဖက်လေးတန်ကြားထဲမှာ ဆန္ဒသွားပြနေလို့ ပြည်သူက သိမှာမဟုတ်ဘူး။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေတယ်ဆိုတာ ပြည်သူသိအောင် ပြည်သူမြင်အောင် လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေတာကဖြစ်ပါတယ်” ဟု ဦးမိုးသူက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန် တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်ခဲ့သည့် ဦးမိုးသူအား နိုဝင်ဘာ ၁၄ ရက်တွင် ပန်းဘဲတန်းမြို့နယ်တရားရုံး၌ ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မှူးက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၉ ဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

“ဖွဲ့စည်းပုံဖျက်သိမ်းပေးပါဆိုတာ ကျွန်တော်တစ်ယောက်တည်းပြောတာ မဟုတ်ဘူး။ ပြည်သူတစ်ရပ်လုံးက ပြောတဲ့အသံပါ”  ဟု ဦးမိုးသူက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သူ ဦးမိုးသူသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုကို သိမ်ကြီးဈေးမှ မဟာဗန္ဓုလ လမ်းအတိုင်း မြို့တော်ခန်းမရှေ့သို့ ချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုကို ဦးမိုးသူအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးအကြောင်း မကြားခဲ့ကြောင်း သိရသည်။