ပန်းဘဲတန်းမြို့နယ်တွင် ကားပေါ်ပစ္စည်းတင်၍ ရောင်းချနေသူ ၂၅ ဦးအား အရေးယူပြီး တရားစွဲဆိုခဲ့ကြောင်း သိရ

ပန်းဘဲတန်းမြို့နယ်တွင် ကားပေါ်ပစ္စည်းတင်၍ ရောင်းချနေသူ ၂၅ ဦးအား အရေးယူပြီး တရားစွဲဆိုခဲ့ကြောင်း သိရ
Published 22 November 2017

နိုဝင်ဘာ ၁၅ ရက်က ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ လမ်းဘေးဈေးသည်များကို တာဝန်ရှိသူများက နေရာရွှေ့ပြောင်းပေးနေစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

ပန်းဘဲတန်းမြို့နယ်ရှိ ကားပေါ်ပစ္စည်းတင်ကာ ရောင်းချနေသူ ၂၅ ဦးကို အရေးယူမှုများပြုလုပ်ကာ တရားစွဲဆိုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“အခြေအနေတော့ စောင့်ကြည့်နေတယ်။ ကားပေါ်မှာ တင်ရောင်းထားလို့။ တစ်မြို့နယ်လုံးပတ်ပြီးတော့ အရေးယူတာ ကား ၂၅ စီး တရားစွဲထားတယ်။ ကားပေါ်မှာ တင် ရောင်းလို့။ ကားပေါ်မှာ ပစ္စည်းအစုံပေါ့။  တိုလီမိုလီ ကားပေါ်မှာ တင်ရောင်းလို့ရတဲ့ဟာ အကုန်လုံး” ဟု စည်ပင်သာယာရေးကော်မတီ၊ အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးငွေစိုးက ပြောကြားသည်။

ရွှေဘုံသာလမ်းတစ်လျှောက် ရောင်းချနေသည့် လမ်းဘေးဈေးသည်များအား နိုဝင်ဘာ ၁၅ ရက်က ကမ်းနားလမ်းဈေးသို့ စတင်ပြောင်းရွှေ့ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်အထိ ဈေးဆိုင်ပေါင်း ၂၂၅ ဆိုင် ရောင်းချနေကြောင်းနှင့် နိုဝင်ဘာ ၁၇ ရက်က မိုးရွာသွန်းခြင်းရှိသည့်အတွက် စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

တစ်နှစ်ကျော်ကြာ ပြောင်းရွှေ့ရန် အချိန်ယူခဲ့ရသည် ရွှေဘုံသာလမ်းတစ်လျှောက် ရောင်းချနေသည့် လမ်းဘေးဈေးသည်များအား နိုဝင်ဘာ ၁၅ ရက်က ကမ်းနားလမ်းဈေးသို့ စတင်ပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးငွေစိုး၏ ပြောကြားချက်အရ သိရသည်။

လမ်းဘေးဈေးသည်များအနေဖြင့် ရရှိသော ဈေးရောင်းချမည့်နေရာသို့ နိုဝင်ဘာ ၁၅ ရက်မှစ၍ အပြီးပြောင်းရွှေ့ရန်နှင့် ပြောင်းရွှေ့ခြင်းမပြုဘဲ အခြားလမ်း၊ နေရာများသို့  သွားရောက်ရောင်းချခြင်း၊ နေအိမ်၊ ဆိုင်ခန်းများနှင့် တိုက်လှေကားများအတွင်း ဝင်ရောက်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့် အညီလိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့ကို နေရာချပေးထားတာကတော့ ကမ်းနားလမ်းညဈေးက ဆူးလေဘုရားလမ်းထိပ်ကနေပြီးတော့ ပန်ဆိုးတန်းထိပ်အထိပေါ့။ ဒီနေရာက ပန်းဆိုးတန်းဇက်ဆိပ်ကနေ တက်လာမယ်ဆိုရင် ဒီနေရာနဲ့ နေရာအဆင့်သင့်ပါပဲ။ အဆင်သင့် ရောင်းလို့ရအောင် စီစဉ်ပေးထားပါတယ်။ ဒီနေ့စပါတယ်။ ဒီနေ့ စရောင်းမှာဖြစ်ပါတယ်” ဟု ဦးငွေစိုးက ပြောကြားသည်။

“စီမံချက်ထဲမှာ ဒီလကုန်အထိ အင်အား သုံးပြီးတော့ ရှင်းထုတ်သွားမှာ ဖြစ်ပါတယ်။ အင်အားသုံးတယ်ဆိုတာကလည်း အားလုံးကောင်းကောင်းမွန်မွန် ရှင်းသွားပြီဆိုရင် ပြီးသွားတာပါပဲ။ သို့သော်လည်း မလိုလားအပ်တဲ့ ပြဿနာတွေ ဖန်တီးလာမယ့်အနေအထား ဖြစ်လာရင်တော့  ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတစ်လျှောက်ရှိ လမ်းဘေးဈေးသည်များအား စည်းကမ်းတကျ ဈေးရောင်းချမှုရှိစေရေး၊ မြို့တော်သန့်ရှင်းသပ်ရပ် သာယာလှပမှုရှိစေရေးအတွက် အောက်တိုဘာ ၁၂ ရက်မှ ၂၆ ရက်အထိ မဲနှိုက်၍ ကမ်းနားလမ်းညဈေးတွင် နေရာချထားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မဖြစ်မနေ အောင်မြင်အောင်လုပ်သွားမယ့် အနေအထားရှိပါတယ်။ ပြီးခဲ့တဲ့မြို့ထဲ လေးမြို့နယ်က ဈေးသည်တွေ ရွှေ့တုန်းကလည်း ဒီလိုပဲ ဆောင်ရွက်သွားရတာပဲ။ လက်ရှိအနေအထားထက်ကို ဈေးသည်က များပါတယ်။ ဈေးသည်ပေါင်း ၁၆၀၀ လောက်ကို ရွှေ့ပြီးသားဖြစ်ပါတယ်။ အဓိကကျတဲ့ လမ်းကြီး ၁၁ လမ်းမှာ ရှင်းထားပြီးဖြစ်ပါတယ်။ ဒီနေရာက မဖြစ်မနေရှင်းဖို့ကို ကြိုတင်စီစဉ်ထားသော်လည်း လက်ရှိအခြေအနေက နေရာအနေအထားလေးကြောင့် အခက်အခဲလေးဖြစ်နေလို့ အခုဟာက နေရာရရှိပြီဆိုတော့ မဖြစ်မနေရွှေ့ရမှာပါ” ဟု အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးငွေစိုးက ပြောကြားသည်။

အစုအဖွဲ့အလိုက်ခွဲ၍ မဲနှိုက်နေရာချ ထားခြင်းများကို ငါးရက်ပြုလုပ်ခဲ့ရာ ဆိုင်ခန်းနေရာ ၃၆၃ ကွက်တွင် မဲနှိုက်သူ ၃၄၁ ဦးရှိပြီး ၂၂ ဦး မဲနှိုက်ရန် ပျက်ကွက်ကြောင်း သိရသည်။