တန်ဖိုးနည်းအိမ်ရာများ၏ နှစ်ရှည်ချေးငွေကာလကို နှစ် ၂၀ အထိတိုးမြှင့်ရန် စီစဉ်ထားသော်လည်း တန်ဖိုးမြင့်အိမ်ရာများအတွက်မူ သက်တမ်းတိုးပေးရန် အစီအစဉ်မရှိသေးဟုဆို

တန်ဖိုးနည်းအိမ်ရာများ၏ နှစ်ရှည်ချေးငွေကာလကို နှစ် ၂၀ အထိတိုးမြှင့်ရန် စီစဉ်ထားသော်လည်း တန်ဖိုးမြင့်အိမ်ရာများအတွက်မူ သက်တမ်းတိုးပေးရန် အစီအစဉ်မရှိသေးဟုဆို
Published 22 November 2017

ရန်ကုန်မြို့ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ဝယ်ယူရာတွင် လက်ရှိသက်မှတ်ထားသော ချေးငွေသက်တမ်းကာလ ၁၅ နှစ်ကို နှစ် ၂၀ အထိ သက်တမ်းတိုးပေးရန် စီစဉ်လျက်ရှိပြီး တန်ဖိုးမြင့်အိမ်ရာများအတွက်ကိုမူ ချေးငွေ သက်တမ်းကာလ ထပ်မံတိုးပေးရန် အစီအစဉ် မရှိသေးကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မြင့်မြင့်မူက ပြောကြားသည်။

“နှစ် ၂၀ ဆိုတဲ့ဟာကတော့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် သိန်း ၅၀၀ အထိကိုလုပ်ဖို့ စီစဉ်ထားပါတယ်” ဟု အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မြင့်မြင့်မူက ပြောကြားသည်။

တန်ဖိုးမြင့်အိမ်ရာများ ဝယ်ယူမည့်သူများသည် ငွေကြေးအခြေအနေအားဖြင့် တတ်နိုင်သောသူများဖြစ်ပြီး အိမ်ရာတန်ဖိုးကို လက်ငင်းပေးချေနိုင်သည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် ချေးငွေသက်တမ်းကာ လကြာသည်နှင့်အမျှ အတိုးနှုန်း ပိုမိုကျသင့်မည်ဖြစ်သည့်အတွက် ၎င်းတို့အတွက် လက်ရှိ ချေးငွေသက်တမ်း ၁၅ နှစ်ကိုထပ်မံမတိုး ပေးသေးခြင်းဖြစ်ကြောင်း သိရသည်။

“တန်ဖိုးမြင့်ကိုကျတော့ အဲဒီလောက် အကြာကြီး ခွင့်မပြုဘူး။ ၁၅ နှစ်လောက်ပဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တန်ဖိုးကြီးတာနဲ့အမျှ အတိုးတွေလည်း ဝယ်တဲ့သူအတွက်လည်း အရမ်း Burden ဖြစ်တယ်။ တန်ဖိုးမြင့်တဲ့ဟာကျတော့ ဝယ်တဲ့သူကလည်း ငွေရေးကြေးရေးတက်နိုင်တဲ့သူတွေလေ။ သူတို့တွေကတော့ အတိုးကြီးတွေ အရမ်းပေးပြီးတော့ ဝယ်မယ့်အစား ကိုယ်တတ်နိုင်ရင်တတ်နိုင်သလို ပေးလိုက်ခြင်းအားဖြင့် အတိုးသက်သက်သာသာနဲ့ အိမ်ပိုင်ဖြစ်တာပေါ့လေ။ အဲဒီလောက် နှစ်အကြာကြီးကျတော့ သူတို့အတွက် Burden ဖြစ်တယ်”  ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများကို နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့် ဘဏ်ခွဲတွင်မဆို အိမ်ရာစုဆောင်း ငွေစာရင်း (Housing Savings Account) ကို ကျပ် ၁၀,၀၀၀ ဖြင့် စတင်၍ ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း  ၃၀ ကို ပြည့်မီအောင် CHDB ဘဏ်တွင်စုဆောင်းထားရမည် ဖြစ်သည်။

လစဉ်စုဆောင်းရမည့် ငွေပမာဏကို သတ်မှတ်ထားခြင်းမရှိဘဲ မိမိဝင်ငွေပေါ်မူတည်၍ လစဉ်ပုံမှန်စုဆောင်းရမှာဖြစ်ကြောင်း၊ စုဆောင်းထားစဉ်တွင်လည်း မိမိစုဆောင်းငွေအပေါ် တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးရရှိမည် ဖြစ်သည်။

အိမ်ရာစုဆောင်းငွေ အခြေအနေနှင့် တိုက်ခန်းတန်ဖိုး၏ အနည်းဆုံး ရာခိုင်နှုန်း  ၃၀ ပြည့်မီအောင် စုဆောင်းထားပြီးသူများ စာရင်းအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ အပတ်စဉ်ပေးပို့လျက်ရှိပြီး နိုင်ငံတော်အစိုးရမှ အိမ်ရာများရောင်းချပေးရန် လျှောက်လွှာများ ခေါ်ယူသည့်အခါ နိုင်ငံတော်အစိုးရက လိပ်မူသည့်နေရာတွင်မိမိကိုယ် တိုင်လျှောက်လွှာတင်၍ လျှောက်ထားရမည် ဖြစ်သည်။