လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်း မဟုတ်ဘဲ ဝန်ထမ်းဖွဲ့စည်းပုံ၏ သုံးပုံ နှစ်ပုံကို နိုင်ငံ၏ဘတ်ဂျက်အခြေအနေအရ ဖွဲ့စည်းရကြောင်းနှင့် ကိုယ့်ဌာန၊ ကိုယ့်အဖွဲ့အစည်း၏ ယန္တရား မှန်မှန်ကန်ကန် လည်ပတ်နိုင်ရန် အထူးလိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ပြောကြား

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်း မဟုတ်ဘဲ ဝန်ထမ်းဖွဲ့စည်းပုံ၏ သုံးပုံ နှစ်ပုံကို နိုင်ငံ၏ဘတ်ဂျက်အခြေအနေအရ ဖွဲ့စည်းရကြောင်းနှင့် ကိုယ့်ဌာန၊ ကိုယ့်အဖွဲ့အစည်း၏ ယန္တရား မှန်မှန်ကန်ကန် လည်ပတ်နိုင်ရန် အထူးလိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ပြောကြား
Published 10 November 2017

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲ ဝန်ထမ်းဖွဲ့စည်းပုံ၏ သုံးပုံ၊ နှစ်ပုံကို နိုင်ငံ၏ဘတ်ဂျက် အခြေအနေအရ ဖွဲ့စည်းရကြောင်းနှင့် ကိုယ့်ဌာန၊ ကိုယ့်အဖွဲ့အစည်း၏ ယန္တရား မှန်မှန်ကန်ကန် လည်ပတ်နိုင်ရန် အထူးလိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၏ အစိုးရလျှပ်စစ်သုံးစွဲခများ အကြွေးတင်ကျန်ရှိနေရခြင်းအပေါ် မည်သို့ဖြေလျှော့ပေးနိုင်မည်နှင့် မီတာခ ခန့်မှန်းကောက်ယူမှုဖြင့် တာဝန်မကျေပွန်မှုကို မည်သို့အရေးယူမည်ကို သိလိုကြောင်း မေးခွန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၏ ဖြေကြားမှုအပြီးတွင် ဦးဝင်းမြင့်က ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မီတာစာရေးများ မီတာမှန်မှန်မဖတ်ခြင်း ကိစ္စနှင့်ပတ်သက်ရင်ကတော့ ယခင်က တိုင်းနဲ့ပြည်နယ်အနှံ့မှာ ဒီဇယ်ဓာတ်အားပေး စက်ကလေးတွေနဲ့ လူဦးရေနည်းနည်းကိုသာ ကျွန်တော်တို့ ဓာတ်အားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဓာတ်အားပေးနိုင်ခဲ့စဉ် ကာလကတည်းက မိမိတို့ရဲ့မြို့များရဲ့ ဝန်ထမ်းဖွဲ့စည်းပုံက ခွင့်ပြုချက် နည်းနည်းလေးပဲ ရရှိထားတာ ဖြစ်ပါတယ်။ အချို့သော မြို့ရုံးလေးများဆိုရင် ဝန်ထမ်းအင်အား ငါးဦးခန့်ခွင့်ရှိတယ်။ ခုနစ်ဦးခန့်ခွင့်ရှိတယ်ဆိုတာသာ ဖြစ်ပါတယ်။ ဝန်ထမ်းအင်အား ငါးဦး၊ ခုနစ်ဦးခန့်ခွင့်ရှိတဲ့ အထဲမှာမှ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားထားချက်အရ ဝန်ထမ်းဦးရေ သုံးပုံနှစ်ပုံထက် ပိုမခန့်ရဆိုတဲ့အခါမှာ ကျွန်တော်တို့ ခန့်ခွင့်တကယ်ရှိတဲ့ဦးရေက ခုနစ်ဦး ဖွဲ့စည်းပုံမှာရှိရင် ကျွန်တော်တို့က လေးဦး၊ သုံးဦးသာဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ယခုခေတ်လို တိုးတက်လာတဲ့အခါမှာ လျှပ်စစ်ကလည်း ပိုမိုဖြန့်ဖြူးပေးနိုင်ပြီ လျှပ်စစ်ဓာတ်အား သုံးစွဲတဲ့ဦးရေ များပြားလာတဲ့အခါမှာ မူလဝန်ထမ်းအရေအတွက်နဲ့ ထမ်းဆောင်ရတဲ့ အခါမှာ နယ်မြေကျယ်ပြန့်လေ မီတာကို လိုက်ဖတ်ရတဲ့ဝန်ထမ်းရဲ့ ခရီးသွားလာရမယ့်အချိန်နဲ့ တာဝန်ဝတ္တရားက အင်မတန် များပြားလာပါတယ်။ ကျွန်တော်တို့လည်း ဝန်ထမ်းများ တိုးတက်ခန့်ထားရေးကို အကြိမ်ကြိမ် တင်ပြတောင်းခံ ဆောင်ရွက်နေတဲ့ အကြောင်းရင်းကလည်း ဒီအချက်ပဲဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ဝန်ထမ်းတွေအနေနဲ့ အချိန်မီဖတ်ရတဲ့အချိန်မှာ အားနည်းချက် ရှိနိုင်တယ်ဆိုတာကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒီ့အတွက်ကြောင့် ကျွန်တော်တို့က မီတာတွေ ခန့်မှန်း ဖတ်ရှုခြင်းနဲ့ ခန့်မှန်းကောက်ခံခြင်းကြောင့် မီးသုံးတဲ့လူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်လာစေရန်အတွက်လည်း ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မီတာတွေ ခန့်မှန်းကောက်ခံမှု မဖြစ်ပေါ်ရေးအတွက် ဆောင်ရွက်မှု အနေအထားနဲ့ ပတ်သက်ရင်တော့ မီးသုံးသူဦးရေနဲ့ အချိုးညီ မီတာဖတ်ရှုတဲ့ မီတာဖတ်စာရေးတွေကို ခန့်ထားဆောင်ရွက်နိုင်ခွင့် ရရှိရေးကို ကျွန်တော်တို့ အဆင့်ဆင့် တင်ပြတောင်းခံလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းပြောကြားသည်။

လက်ရှိတွင် Digital မီတာများ တပ်ဆင်ပြီး စက်ဖြင့်ဖတ်သည့်စနစ်ကို ကျင့်သုံးပြီး ပြောင်းလဲဆောင်ရွက်နေကြောင်း၊ သို့သော်လည်း ၎င်းစနစ်ကို ပြောင်းရာတွင် တစ်နိုင်ငံလုံးကို ပြောင်းရသည့်အတွက် ရရှိသည့်ဘတ်ဂျက်နှင့် ပြောင်းလဲရခြင်းဖြစ်သည့်အတွက် အဆင့်လိုက် ပြောင်းလဲဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဓာတ်အားခကောက်ခံခြင်းကို ကွန်ပျူတာဘေလ်စနစ်ဖြင့် ကျင့်သုံးပြီး အဂတိလျော့နည်းအောင် ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာထွန်းနိုင်က ဆက်လက် ပြောကြားသည်။

ထိုသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၏ ဖြေကြားမှုအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ကျွန်တော်တို့ ဝန်ထမ်းဖွဲ့စည်းပုံကတော့ လျှပ်စစ်ဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ပါဘူး။ အားလုံးကို ဖွဲ့စည်းပုံနဲ့ သုံးပုံ၊ နှစ်ပုံပဲ နိုင်ငံရဲ့ဘတ်ဂျက်အခြေအနေအရ ဖွဲ့စည်းကြရတာပါ။ ကျွန်တော်တို့ လွှတ်တော်လည်း ဒီလိုပါပဲ။ သို့သော်လည်း ကိုယ့်ဌာနရဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ ယန္တရား မှန်မှန်ကန်ကန် လည်ပတ်နိုင်ဖို့တော့ အထူးလိုအပ်ပါတယ်။ အခုနကပြောတဲ့ကိစ္စမှာ တချို့ မီတာခ ခန့်မှန်းကောက်လို့ လျော့နည်းပြီး ကျန်တာရှိတယ်။ တချို့က ကျွန်တော်တို့ ပိုသွားတာတွေရှိတယ်။ ဒါက ခန့်မှန်းကောက်လို့ဖြစ်တဲ့ကိစ္စပါ။ မေးခွန်းရှင်ရဲ့ ဆိုလိုရင်းက ခန့်မှန်းမကောက်ဖို့ ပြောတာပါ။ အဲဒီတော့ ခန့်မှန်းကောက်တဲ့ဟာရှိရင် တိတိကျကျတိုင်ရင် ဝန်ကြီးဌာနက မှန်မှန်ကန်ကန် အရေးယူပေးမယ်လို့ ပြောထားတာလည်း ရှိပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဦးဝင်းမြင့်က “အခုန စက်နဲ့ဖတ်တဲ့စနစ် ပိုမိုတိကျအောင်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာထိ မလုပ်ပေးနိုင်သေးတဲ့ အခြေအနေမှာ အခုမူလလည်ပတ်လို့ ဖတ်တဲ့စနစ်နဲ့ ကြည့်တဲ့အခါမှာလည်း မီတာခက မှန်မှန်ကန်ကန်ဖြစ်ဖို့လိုတယ်။ မှန်မှန်ကန်ကန် ဖြစ်ဖို့ဆိုရင်လည်း လက်တွေ့ကျကျ ကိုယ်တိုင်ကိုယ်ကျ သွားကောက်ဖို့တော့ လိုတယ်။ ဒီမကောက်တဲ့ အခြေအနေအရ ရှိပါတယ်။ ဒါဟာ အားလုံးသိနေကြတာပဲ။ ဒါကြောင့်မို့လို့ ဒါကိုတော့ ဝန်ကြီးဌာနအနေနဲ့ အဆိုရှင်က ပြောသလို ကြပ်မတ်ပေးဖို့ လိုအပ်သလို အခုန ဝန်ကြီးဌာနက ပြန်လည်ပြီးတော့ တောင်းဆိုတဲ့ ဒီလိုဟာတွေရှိရင် တိတိကျကျ ဖော်ပြပေးပါလို့ တောင်းဆိုထားတဲ့အတွက် ကိုယ်စားလှယ်တွေအနေနဲ့ကလည်း ကိုယ့်ဒေသ၊ ကိုယ့်မဲဆန္ဒနယ်မှာ အားမနာတမ်း ဒါလေးကိုတော့ စာရင်းပြုစုပြီးတော့ ဝန်ကြီးဌာနကို တိတိကျကျပေးပါ။ ဒါမှ နိုင်ငံတော်ရဲ့ဘတ်ဂျက်က မှန်မှန်ကန်ကန် ခန့်မှန်းလို့ရမယ်။ ကြွေးကျန်လည်း လျော့နည်းမယ်။ အဲဒါလေးတော့ ကျွန်တော်တို့ကိုယ်စားလှယ်များလည်း ဂရုစိုက် ပေးစေချင်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။