ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်တွင် နေအိမ် ၁၆ လုံးနှင့် ငါးပုစွန်ဒိုင် ၁၁ ခု မီးလောင်ကျွမ်း

ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်တွင် နေအိမ် ၁၆ လုံးနှင့် ငါးပုစွန်ဒိုင် ၁၁ ခု မီးလောင်ကျွမ်း
Published 6 November 2017

ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်တွင် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက် ဖြတ်လမ်း (၇) နှင့် ဖြတ်လမ်း (၉) အကြားတွင် နိုဝင်ဘာ ၅ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က ပေါ့ဆမီးကြောင့် နေအိမ် ၁၆ လုံးနှင့် ငါးပုစွန်အဝယ်ဒိုင် ၁၁ ခု မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ကျောက်ဖြူမြို့ မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှုမှာ ငါးပုစွန်အဝယ်ဒိုင် တစ်ခုမှ စတင်လောင်ကျွမ်းရာမှ အနီးအနားရှိ ငါးပုစွန်အဝယ်ဒိုင် ၁၁ ခုနှင့် တိုက်အိမ် ခြောက်လုံးအပါအဝင် သွပ်မိုးပျဉ်ကာ နေအိမ် ၁၆ လုံး ကူးစက်လောင်ကျွမ်း သွားခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှု နှစ်နာရီကျော်ကြာခဲ့ပြီး နံနက် ၅ နာရီခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြစ်နားတန်းရပ်ကွက် အုပ် ချူပ်ရေးမှူး ဦးကိုအေးက ပြောကြားသည်။

“မီးလောင်ကျွမ်းမှုကပြင်းတယ်။ မီးသတ်ကား နှစ်စီးနဲ့ တစ်နာရီကျော်ကြာအထိ မီးငြှိမ်းသတ်ခဲ့ရတယ်။ မီးလောင်ကျွမ်းရခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ် စိစစ်ဆောင်ရွက်နေပါတယ်” ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းမှုကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနက ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၅၀ ရှိသည်ဟု လတ်တလော ထုတ်ပြန်ထားသော်လည်း မီးလောင်ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်ပိုင်ရှင်များနှင့် ငါးပုစွန် အဝယ်ဒိုင်ပိုင်ရှင်များ၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ၈၀၀ ကျော်မှ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုအရ သိရသည်။

“မီးစလောင်တာက ဦးလှမျိုးအောင်ဒိုင်နားက လောင်တယ်လို့ အကြမ်းအားဖြင့် သိရတယ်။ အဲဒီဒိုင်နားက စတင်ပြီး တောက်လျှောက်ကပ်လျက် ဒိုင်တွေနဲ့ နေအိမ်တွေကို ကူးစက်လောင်သွားတာ။ ဒိုင်တွေမှာ ငါးဖမ်းလှေတွေနဲ့ ကူးတို့လှေတွေအတွက် ဒီဇယ်ဆီ သိုလှောင်ထားမှုကြောင့် အကြီးအကျယ် ပေါက်ကွဲပြီး လောင်တာပါ။ မီးက လောင်ကျွမ်းနေတဲ့အချိန် မီးသတ်ကား အရောက်နောက်ကျတာနဲ့ ကားဝင်လမ်းကျပ်နေတဲ့ အခက်အခဲကြောင့် မီးလောင်ကျွမ်းမှု များပြားခဲ့တာပါ” ဟု မြစ်နားတန်းရပ်ကွက်မှ မီးလောင်ရာတွင် ပါဝင်သွားသည့် ဦးသန်းမောင်က ပြောကြားသည်။

ယခု မီးလောင်ကျွမ်းခဲ့သည့်နေရာ အနောက်ဘက်ပိုင်းတွင်လည်း ၂၀၁၄ ခုနှစ် အတွင်းက လျှပ်စစ်မီးတိုင်မှ ဝိုင်ယာရှော့ခ်ဖြစ်ပြီး ငါးပုစွန်အဝယ်ဒိုင်နှင့် နေအိမ်အလုံး၂၀ ကျော် မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Most Recent